ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူတွေကို ပြည်သူအချင်းချင်း ကူညီနေချိန်မှာ စစ်အုပ်စုက ဖြတ်သန်းသွားခွင့်နဲ့ တည်းခိုခွင့်ကို တားမြစ်မှုတွေ ရှိနေ

၁၀၊ဇန်နဝါရီလ ၊၂၀၂၂။        

ကယားပြည်နယ်(ကရင်နီ) လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့နဲ့ ကျေးရွာအများစုကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူတွေကို ပြည်သူအချင်းချင်း နေစရာတွေပေးကာ ကူညီနေချိန်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ဖြတ်သန်းသွားလာခွင့် နေထိုင်ခွင့်တွေကို တားမြစ်မှုတွေ ရှိနေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေ့ ပြောပါတယ်။          

မနေ့က ဇန်နဝါရီလ ၉ရက်နေ့ ညပိုင်းမှာ စစ်အုပ်စုက လွိုင်ကော်မြို့အတွင်းကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသခံပြည်သူတွေဟာ ညတွင်းချင်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။           

စစ်ဘေးရှောင် ပြည်သူတွေကို တောင်ကြီး၊ ပင်းတယ၊ ညောင်ရွှေ၊ဆီဆိုင်၊ အောင်ပန်း၊ ပင်လောင်းစတဲ့ မြို့တွေက လူမှုရေးအသင်းအဖွဲ့တွေ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေဟာ အခမဲ့လာရောက်နေထိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။          

တောင်ကြီးမြို့ဘက်ကို စစ်ဘေးတိမ်းရှောင်ဖို့ သွားရောက်တဲ့ ပြည်သူတွေကို စစ်အုပ်စုက ဇန်နဝါရီလ ၉ရက်နေ့ ညပိုင်းမှာ တောင်ကြီးမြို့နဲ့ ၈မိုင်ခန့်အကွာ ဟိုပုံး ပအိုဝ်းမတောင်အနီးမှာ တားဆီးခဲ့ပြီး မြို့တွင်းကို ဆက်လက်သွားလာခွင့် မပေးခဲ့တာကြောင့် ညအချိန် လမ်းမထက်မှာ အိပ်စက်ခဲ့ရပြီး မိုးလင်းမှ ပြန်လည်ဖြတ်သန်းခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။           

ဒါ့အပြင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန့်ပန်ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ကျေးရွာအတွင်းကို စစ်ဘေးရှောင်တွေ လာရောက်ခဲ့ရင် လက်ခံကူညီခြင်း မပြုဖို့ အသံချဲ့စက်တွေနဲ့ပါ လိုက်လံသတိပေးခဲ့တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေထံက သိရပါတယ်။         

အကြမ်းဖက်စစ်အုပ်စုဟာ ကရင်နီပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကိုပါ လုပ်ဆောင်နေကာ လက်နက်ကြီးတွေ အလွန်အကျွံအသုံးပြုပြီး အရပ်သားပစ်မှတ်တွေကိုပါ တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ ၇ဦးထက်မနည်း အသက်ဆုံးပါးခဲ့ရပြီး ဒေသခံထောင်နဲ့ချီကာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ဓာတ်ပုံ- ကရင်နီပြည် စစ်ဘေးရှောင်စောင့်ရှောက်ရေး ကွန်ရက်

Delta News Agency

Read Previous

မြို့နယ်၅ခုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုကို ထုတ်ပြန်

Read Next

နွေဦးတော်လှန်ရေးအတွင်း သတင်းသမားတစ်ဦးထပ်မံကျဆုံး