သိုင်းငင်းစခန်းကို ငါးရက်အတွင်း ချင်းတော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်နိုင်ခဲ့

ဇန်နဝါရီ၊ ၁၆
 
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အတွင်းမှာရှိတဲ့ သိုင်းငင်းရွာက စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးအင်အားစုတွေက ငါးရက်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။
 
” အဲစခန်းက အင်မတန်ဗျူဟာမြောက်တဲ့ စခန်း၊ သိမ်းတဲ့နေရာမှာ အောင်အောင်မြင်မြင်သိမ်းနိုင်ခဲ့တယ် ” လို့ CAN/CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
 
သိုင်းငင်းကျေးရွာဟာ ချင်းပြည်နယ်မြောက်ပိုင်းအတွက် ဗျူဟာကျတဲ့ လမ်းပေါ်ရှိသလို အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးအတွက်လည်း အချက်အခြာကျတဲ့ လမ်းပေါ်ရှိနေကာ မြေပြန့်ကနေ ချင်းပြည်အဝင် ပထမဆုံးစခန်းဖြစ်တာကြောင့် ဒေသခံတွေသွားလာရေး ခက်ခဲလို့ အခုလို သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
 
အဲဒီစခန်းမှာ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၂၆၉) အခြေစိုက်ပြီး အရင်က အင်အား လေးဆယ်ကနေ ခြောက်ဆယ်ကြား ရှိခဲ့ပေမယ့် လက်ရှိတိုက်ပွဲမှာတော့ သုံးဆယ်ကျော်သာ ရှိတယ်လို့ သိရပါတယ်။
 
CDF-CDM (စီးယင်း)၊ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက သိုင်းငင်းရွာက ကြားကင်းစခန်း အနေနဲ့ရှိတဲ့ အဲဒီစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကစပြီး စခန်းသိမ်းတိုက်ပွဲ စတင်ဆင်နွှဲနေရာ ငါးရက်အကြာ ဒီနေ့မနက်ပိုင်းမှာတော့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။
 
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအားလုံး သေဆုံးပြီး လက်နက်ခဲယမ်းအားလုံး သိမ်းဆည်းရမိသလို တော်လှန်ရေးအင်အားစုက ရှစ်ဦးကျဆုံးကာ ဆယ်ဦးကျော် ဒဏ်ရာရခဲ့တယ်လို့လည်း ဆလိုင်းထက်နီက ဆိုပါတယ်။
 
“ တိုက်ပွဲက ပြင်းတော့ ကျွန်တော်တို့လည်း ပစ်တာပေါ့။ နယ်မြေရှင်းတော့မှ အားလုံးကျတာ သိရတာ “ လို့ ဆလိုင်းထက်နီက ပြောပါတယ်။
 
တိုက်ပွဲအတွင်း ကလေးတက္ကသိုလ်ကျောင်းထဲမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က သိုင်းငင်းတိုက်ပွဲဘက်ကို လက်နက်ကြီးတွေနဲ့သာမက လေကြောင်းကလည်း ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
 
သိုင်းငင်းရွာကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အရင်ကလည်း သွားရောက်တိုက်ခိုက်ခဲ့ဖူးပြီး အခုတကြိမ်တိုက်တဲ့ ငါးကြိမ်မြောက်တိုက်ပွဲမှာတော့ စခန်းကို အပြီးသတ်သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
 
အဲဒီတိုက်ပွဲကြောင့် သိုင်းငင်း၊ ဆွလိမ်၊ ဘဲကန့် စတဲ့ ကျေးရွာက ဒေသခံတွေ စစ်ဘေးရှောင်နေပြီး လက်ရှိချိန် ပြန်မဝင်ကြသေးဘူးလို့ သိရပါတယ်။
 
ဓာတ်ပုံ – Social Media