အကြမ်းဖက်စစ်အုပ်စုက  လူကြမ်းသရုပ်ဆောင်တင်ကို  လက်ပြတ်သည်ထိ ပစ်ခတ်ဖမ်းဆီးပြီး ဆေးမကုပေးဘဲ ရိုက်နှက်နှိပ်စက်နေ  

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ရန်ကုန်တိုင်း သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စုမှာနေထိုင်တဲ့ လူကြမ်းသရုပ်ဆောင် တင်ကိုကို အကြမ်းဖက်စစ်အုပ်စုက လတ်ပြတ်သည်အထိ ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အပြင် ဖမ်းဆီးပြီးနောက်မှာ ဆေးကုသခွင့်မပေးဘဲ ရိုက်နှက်နှိပ်စက်နေတယ်လို့ ဒေသခံတွေက သတင်းပေးပို့ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက ဘုရားကုန်းကျေးရွာကို ရောက်ရှိလာပြီး သရုပ်ဆောင်တင်ကိုကို ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးစဉ်မှာ ပစ်ခတ်မှုတွေကြောင့် လက်ပြတ်သည်အထိ ဒဏ်ရာတွေ ရရှိခဲ့ပြီး ခြေထောက်ကျည်ထိမှန် ဒဏ်တွေပါ ရရှိခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။

“ မနက်က ဟုတ်တယ်။ ဘုရားကုန်းဘက်မှာ တင်ကို ကို စစ်သားတွေ ပစ်ဖမ်းတာ။ ခြေထောက်တွေလည်း ထိသွားတယ်။ လက်ဆို လက်ချောင်းတွေ ပြတ်ကုန်တယ်။ သွေးတွေလည်း အားကြီးပဲ”လို့ သန်လျင်မြို့ခံတစ်ဦးက ဒီဖြစ်စဉ်ကို အတည်ပြုပေးပါတယ်။

ပစ်ခတ်ဖမ်းဆီးခံရတဲ့ လူကြမ်းသရုပ်ဆောင်တင်ကို ကို စစ်အုပ်စုတပ်တွေက ဆေးကုသခွင့်မပေးဘဲ ဖမ်းဆီးခံလိုက်ရတဲ့နားက ရပ်ကွက်ရုံးတစ်ခုမှာ ချုပ်နှောင်ပြီး ရိုက်နှက်စစ်ဆေးနေတယ်လို့ လည်း သိရပါတယ်။

ဒီလို စစ်ဆေးနေစဉ် ဒီကနေ့ နေ့လည်ပိုင်းမှာတော့ အကြမ်းဖက်စစ်အုပ်စုတပ်တွေဟာ သရုပ်ဆောင်တင်ကိုရဲ့ ဖခင်ဖြစ်သူနဲ့ ယောက်ဖတော်စပ်သူတို့ကိုလည်း နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။