အထူးသံရဲ့မြန်မာခရီးစဉ်ပေါ်ပေါက်ရေး စစ်အုပ်စုပူးပေါင်းပါဝင်ဖို့ စင်ကာပူတောင်းဆို

၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။

အာဆီယံအထူးသံတမန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ပေါ်ပေါက်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပူးပေါင်း ပါဝင်ဖို့ စင်ကာပူနိုင်ငံက တောင်းဆိုလိုက်ပါတယ်။

အာဆီယံအထူးသံဟာ မြန်မာနိုင်ငံထဲလာရောက်ပြီး မြန်မာ့အရေး စားပွဲဝိုင်းဆွေးနွေးပွဲပေါ်ရောက်ရေး တွေ့သင့်တွေ့ထိုက်သူအားလုံးနဲ့ တွေ့ဆုံနိုင်ဖို့ အတွက်စစ်အုပ်စုအနေနဲ့ ပူးပေါင်းပါဝင်ဖို့ တောင်းဆိုလိုက်တာပါ။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ ဘုံသဘောတူညီချက်၅ရပ်နဲ့ပတ် သက်ပြီး သိသာတဲ့တိုးတက်မှုမရှိတာကို စိတ်ပျက်မိတယ်လို့လည်း ဆိုပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင်း လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အထူးစိုးရိမ်မိကြောင်းလည်း ဒီဇင်ဘာ၇ရက်နေ့ကထုတ်ပြန်ပါတယ်။

ဧပြီ၂၄ရက်နေ့ကကျင်းပတဲ့ မြန်မာ့အရေးအရေးပေါ်အစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက ဘုံသဘောတူညီချက်၅ရပ်ချမှတ်ခဲ့ပါတယ်။အဲဒီမူ၅ချက်ထဲမှာ အကြမ်းဖက်မှုတေွချက်ချင်းရပ်ဖို့ ပါဝင်ပေမဲ့ မူ၅ချက်ထွက်ပေါ်လာပြီးနောက်ပိုင်းကစလို့ ဒီနေ့ထိတိုင် စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် လူမဆန်ဆုံး နည်းလမ်းမျိုးစုံနဲ့ ရက်စက်ခဲ့တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကပြောပါတယ်။

‘ဖမ်းမိပြီးရိုက်သတ်လို့သေသွားတာလည်းမနည်းဘူး။ပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေကို လုယက်တာ ဖျက်ဆီးတာ၊မီးရှို့တာ၊အခုနောက်ဆုံးကားနဲ့တိုက်ပြီး သေနတ်နဲ့ပစ်တာ။သေနတ်နဲ့ပစ်သတ်ပြီး မီးရှို့အလောင်းဖျောက်တာ၊အဲဒီလိုကမ်းကုန်အောင်ယုတ်မာခဲ့တဲ့သူတွေကို ကျွန်တော်တို့က ဘယ်လိုယုံကြည်မှုမျိုးနဲ့ယုံကြည်မှုတည်ဆောက်မလဲ။မြန်မာပြည်သူတွေအတွက် မူ၅ချက်ဆိုတာ ခေါင်းထဲကိုမ ရှိတော့ဘူး’လို့ သူကပြောပါတယ်။