လှိုင်မြို့နယ်က နေအိမ်တစ်ခုမှာ ဗုံးပေါက်ကွဲပြီး လူငယ် ၃ဦးဆုံးပါး

၂၉၊ နိုဝင်ဘာလ၊ ၂၀၂၁။

ရန်ကုန်မြို့ လှိုင်မြို့နယ် ရွာမကျောင်းလမ်းအနီးရှိ နေအိမ်တစ်ခုအတွင်း ဗုံးပေါက်ကွဲပြီး လူငယ် ၃ဦး အသက်ဆုံးပါးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၂၉ရက်နေ့ နေ့လည် ၁၁နာရီခန့်မှာ နေအိမ်တွင်း ပေါက်ကွဲမှု တစ်ခုဖြစ်ပွားကာ ၃ဦး အသက်ဆုံးပါးကာ တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ အနီးဝန်းကျင်နေထိုင်သူတွေက ပြောပါတယ်။

“ဘာလို့ ဗုံးကွဲတာလဲတော့မသိဘူး ဗုံးကွဲတယ်လို့တော့ ပြောကြတယ် ဟုတ်တ ယ်မဟုတ်ဘူးတော့ မသိကြဘူး၊ စစ်တပ်က ရောက်လာပြီး ဝင်ရှာတာမှာ ၃ဦးဗုံးဆံမှန်သလိုမျိုးနဲ့ ဆုံးသွားတာတွေ့တယ်ပေါ့၊ တစ်ယောက်ကတော့ ဒဏ်ရာတွေနဲ့ကို သူတို့က လူနာတင်ကားနဲ့ ဖမ်းခေါ်သွားတယ်၊ တစ်ယောက်လွတ်တယ်တော့ ပြောနေကြတာပဲ၊ တွေ့ရင်လဲ စောင့်ရှောက်ပေးထားကြရမှာပေါ့”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုကတော့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေအိမ်အနီးတဝိုက်မှာ ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပုံအဟောင်းကို အသုံးပြုထားပါတယ်။