ဘင်ချီဝဲလ်ရဲ့ဒဏ်ရာ ပြင်းထန်မှာကို ချယ်လ်ဆီး စိုးရိမ်

 

၂၅၊ နိုဝင်ဘာ၊ ၂၀၂၁။

ချယ်လ်ဆီးအသင်းတာဝန်ရှိသူတွေဟာ ဘင်ချီဝဲလ်ရဲ့ဒဏ်ရာ ပြင်းထန်မှာကို စိုးရိမ်ပူပန်နေပြီး လက်ရှိမှာတော့ ဒဏ်ရာကို စစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်တဲ့အတွက် အတိအကျ မပြောနိုင်သေးဘူးလို့ ချယ်လ်ဆီးအသင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ဟာ ချယ်လ်ဆီးကနေ ဂျူဗင်တပ်ကို လေးဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်မှာ အခုဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး ဒဏ်ရာအခြေအနေသာ ဆိုးရွားပြင်းထန်ခဲ့ရင် ကာလတစ်ခုကြာ အနားယူရမယ့်အခြေအနေဖြစ်လို့နေပါတယ်။

ကနဦး ဆေးစစ်ချက်အဖြေတွေအရ ဘင်ချီဝဲလ်ရဲ့ဒဏ်ရာဟာ ဒူးအရွတ်စုတ်ပြဲမှုလို့ သိရပြီး ပြင်းထန်ခဲ့မယ်ဆိုရင်တော့ ချယ်လ်ဆီးဟာ ဘင်ချီဝဲလ်ကို ခြောက်လက‌နေ ကိုးလအထိ ဆုံးရှုံးရဖွယ် ရှိနေပါတယ်။

ဆေးစစ်ချက်အဖြေ အတိအကျ ထွက်ပေါ်လာပြီးရင်တော့ ဘင်ချီဝဲလ်ရဲ့ဒဏ်ရာကို ခွဲစိတ်ကုသဖို့ လိုမယ်၊ မလိုဘူးဆိုတာကို ချယ်လ်ဆီးအသင်းဆေးအဖွဲ့က ဆက်လက် ဆုံးဖြတ်သွားမှာပဲဖြစ်ပါတယ်။

ချယ်လ်ဆီးကွင်းလယ်လူ ကန်တေဟာလည်း ဂျူဗင်တပ်နဲ့ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာနာကျင်မှုတွေ ရှိနေတဲ့အတွက် သက်သာပျောက်ကင်းတာမျိုး မဖြစ်ခဲ့ရင် မန်ယူနဲ့ကစားရမယ့် ပရီးမီးယားလိဂ်ပွဲကို ကန်တေအနေနဲ့ လွဲချော်ဖွယ်ရှိနေတာပါ။