အင်္ဂလိပ် ရေလက်ကြားမှာ ရွှေ့ပြောင်းတွေစီးလားတဲ့ လှေမှောက်လို့ လူသုံးဆယ်ကျော်သေ

၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။

ပြင်သစ်နိုင်ငံကနေ ဗြိတိန်ကိုသွားဖို့ အင်္ဂလိပ်ရေကြားကို ဖြတ်ခဲ့တဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ လမ်းခုလပ် မှာပဲ မတော်တဆဖြစ်ပြီး လှေမှောက်သေဆုံးခဲ့ကြတယ်လို့ Global News သတင်းဌာနက ဖော်ပြပါတယ်။

လှေပေါ်လိုက်ပါလာသူအားလုံးဟာ ၃၄ ဦးခန့်ရှိတယ်လို့ ယူဆရပြီး အနည်းဆုံး ၃၁ ဦးလောက် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဖော်ပြပါတယ်။

လှေပေါ်လိုက်ပါစီးနင်းလာတဲ့ အသက်ရှင်သူအနည်းငယ်ဟာလည်း လက်ရှိမှာ စိုးရိမ်ရတဲ့ အခြေအနေရှိနေပါသေးတယ်။ ဒီအဖြစ်အပျက်ကတော့ နိုဝင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့က ဖြစ်ခဲ့တာပါ။

သေဆုံးသူတွေထဲမှာ အမျိုးသမီး ၅ ဦးနဲ့ မိန်းကလေးငယ်တစ်ဦး ပါဝင်ခဲ့ပါတယ်။

တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ဖြစ်ရပ်တွေဟာ အခုကာလအပိုင်းအခြားမှာ ပိုမိုများပြားလာခဲ့သလို ပြင်သစ်နဲ့ ဗြိတိန်အာဏာပိုင်တွေက အသေအချာ ထိန်းချုပ်နေပေမယ့် ဆက်လက် ဖြစ်ပေါ်နေခဲ့တာပါ။

ဒီအဖြစ်အပျက်အတွက် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ “တုန်လှုပ်ထိတ်လန့်ရပြီး ဝမ်းနည်းကြွေကွဲရတယ်”လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။