တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာသံအမတ်ကြီး တက်ရောက်ခွင့်ရပေမဲ့ စစ်အုပ်စု ငြင်းပယ်

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။

နိုဝင်ဘာ၂၂ရက်နေ့ကကျင်းပတဲ့ တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးကို မြန်မာကိုယ်စားလှယ်အဖြစ်တက်ရောက်ခွင့်ရခဲ့ပေမဲ့ အကြမ်းဖက်စစ်အုပ်စုကငြင်းပယ်လိုက်ပါတယ်။

တရုတ်နဲ့အာဆီယံအဖွဲ့ဝင်၉နိုင်ငံတို့က တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးတက်ရောက်ဖို့သဘောတူခဲ့ပေ မဲ့ ၂၂ရက်နေ့မနက်အထိ မြန်မာဘက်ကတုံ့ပြန်မှုမရတဲ့အတွက် မြန်မာကိုယ်စားလှယ်မပါဘဲ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ကြောင်းထိပ်သီးညီလာခံအပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

‘မင်းအောင်လှိုင်ကရှင်းပါတယ်။လိုချင်တာမရတဲ့နောက် ဘာမှမလိုချင်တော့ဘူးဆိုတဲ့ ဇီးရိုးဂိမ်းကိုပဲကစားတာပါ။ မင်းအောင်လှိုင်ဦးနှောက်ထဲမှာ သူလည်းနိုင်ကိုယ်လည်းနိုင်ဆိုတာ နားလည်ပုံမရဘူး။နိုင်ငံတကာက ဘယ် လောက်ပဲပစ်ပယ်ပါစေ၊အာဏာကိုလက်မလွှတ်ဘူးဆိုတဲ့ ဇီးရိုးဂိမ်းကိုပဲ သူကစားနေတယ်ဆိုတာ နိုင်ငံတကာအ သိုင်းအဝိုင်းအနေနဲ့ သဘောပေါက်သင့်ပါပြီ။’လို့ နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကပြောပါတယ်။

တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးအပြီးမှာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်က စစ်အုပ်စုခန့်နိုင်ငံခြား ရေးဝန်ကြီး ဝဏ္ဏမောင်လွင်နဲ့ နေပြည်တော်မှာတွေ့ဆုံကာ ထိပ်သီးအစည်းအဝေးအတွင်း‌ ဆွေးနွေးမှုတွေကို ပြန်လည်တင်ပြခဲ့တယ်လို့ တရုတ်အစိုးရပိုင် People Daily သတင်းက ဖော်ပြခဲ့ပါတယ်။

နိုဝင်ဘာ၂၂ရက်နေ့၊အာဆီယံစံတော်ချိန် မနက်၉နာရီမှာ တရုတ်-အာဆီယံဆက်ဆံရေး နှစ်၃၀ပြည့်အထိမ်းအ မှတ်ထိပ်သီးအစည်းအဝေးကို အွန်လိုင်းကနေစတင်ကျင်းပခဲ့ပါတယ်။