လူတိုင်းက ရူဒီဂါကို အသင်းမှာ ဆက်ရှိဖို့ အလိုရှိတယ်လို့ ချဲလ်ဆီးနည်းပြတူချယ်ပြော 

 

၂၃၊ နိုဝင်ဘာ၊ ၂၀၂၁။

အခုနှစ်ရာသီကုန်ရင် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပေမယ့် ချဲလ်ဆီးအသင်းနဲ့ နောက်ခံလူ ရူဒီဂါအကြား စာချုပ်သက်တမ်း ထပ်တိုးဖို့ ကိစ္စဟာ ဖြစ်မလာသေးဘဲ ရှိနေပါတယ်။ 

ဘွန်ဒက်စ်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းကတော့ လက်ရှိမှာ ဒီနောက်ခံလူကို စိတ်ဝင်စားဆုံး ကလပ်ဖြစ်နေခဲ့ပြီး ချဲလ်ဆီးအသင်းမှာ ရနေတဲ့ လုပ်ခလစာထက် နှစ်ဆပေးပြီးတော့ ခေါ်ယူဖို့ အစီအစဉ်ရှိနေတာပါ။

ဒါပေမဲ့ နောက်ခံလူ ရူဒီဂါဟာ ချဲလ်ဆီးနည်းပြ တူချယ်ရဲ့ အကြိုက်ကစားသမားဖြစ်နေခဲ့ပြီး ထောက်ခံမှုတွေလည်း လက်တလောမှာ ရရှိနေခဲ့တာပါ။ 

“သူ့ကို လူတိုင်းက ချဲလ်ဆီးမှာ ဆက်နေချင်စေချင်ကြတယ်။ အခုထိ ရူဒီဂါဟာ အားလုံးရဲ့ လေးစားချစ်ခင်မှုကို ခံနေရတဲ့ ကစားသမားတစ်ယောက်”လို့ ချဲလ်ဆီးနည်းပြ တူချယ်က ဖွင့်ဟခဲ့တာပါ။ 

နောက်ခံလူ ရူဒီဂါဟာ ၂၀၁၇ ခုနှစ်ရာသီမှာ ရိုးမားအသင်းကနေ စတမ်းဖို့ဒ်ဘရစ်ကို ပေါင် ၃၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး သူ့ရဲ့ ပထမဆုံး ၂ရာသီဖြတ်သန်းမှုမှာ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

ချဲလ်ဆီးနည်းပြဟောင်း လမ်းပတ်ရဲ့ လက်ထက်မှာတော့ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်တာတွေ ကွယ်ပျောက်ခဲ့ပြီး လက်ရှိ နည်းပြ တူချယ်လက်ထက်မှာ ပြန်လည် အသုံးတော်ခံခွင့် ရလာခဲ့ရတာပါ။