ဘရာဇီးအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အဂူရိုကို အားပေးမှု ပြုလုပ်ခဲ့တဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်း

၁၇၊ နိုဝင်ဘာ၊ ၂၀၂၁။

ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်၊ မနက်ပိုင်းမှာ ကစားခဲ့တဲ့ အာဂျင်တီးနားအသင်းနဲ့ ဘရာဇီးအသင်းတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲအစမှာ အာဂျင်တီးနားအသင်းဟာ ကစားဖော်ဖြစ်တဲ့ တိုက်စစ်မှူး အဂူရိုကို အားပေးထောက်ခံမှု ပြုလုပ်ခဲ့ပါတယ်။ 

အာဂျင်တီးနားတိုက်စစ်မှူး အဂူရိုဟာ နှလုံးပြဿနာကြောင့် ၃ လလောက် အနားယူရမှာဖြစ်သလို သတင်းတွေရဲ့ ဖော်ပြချက်အရ အဂူရိုအနေနဲ့ ကစားသမားဘဝ ပြန်လည် စတင်ဖို့တောင် မလွယ်ကူတဲ့ အနေအထားမျိုး ရှိနေတာပါ။ 

တိုက်စစ်မှူး အဂူရိုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်၊ အလာဗက်စ်နဲ့ ပွဲစဉ်မှာ ပွဲကစားနေရင်း နှလုံးပြဿနာဖြစ်ပေါ်ခဲ့လို့ ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ခဲ့ရပါတယ်။ ဆေးစစ်မှုတွေ ပြုလုပ်အပြီးမှာတော့ ဆရာဝန်တွေဟာ အဂူရိုကို သုံးလလောက် ဘောလုံး မကစားဖို့ အကြံပေးခဲ့ပါတယ်။ 

အာဂျင်တီနားလက်ရွေးစင်အသင်းဟာ “ငါတို့ မင်းနဲ့အတူ ရှိနေတယ်”ဆိုတဲ့ စာတန်းကို ကိုင်ဆွဲပြီး အားပေးထောက်ခံမှု ပြုလုပ်ခဲ့တာပါ။ 

အာဂျင်တီးနားနဲ့ ဘရာဇီးအသင်း ပွဲစဉ်ကတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ တောင်အမေရိကန်ဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဒီနှစ်သင်းအနေနဲ့ ၁၃ ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲမရှိသေးဘဲ ဖြတ်သန်းနိုင်ခဲ့ကြပါတယ်။