စီရော်နယ်ဒို၊ ဗာရန်းတို့နဲ့ ရင်းနှီးမှုရှိနေလို့ ဇီဒန်းကို ခေါ်ယူနိုင်ဖို့အတွက် မန်ယူ ယုံကြည်နေဆဲဖြစ်

၁၄၊ နိုဝင်ဘာ၊ ၂၀၂၁။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ ဆိုးလ်ရှားကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ရင် အဲ့ဒီနေရာအတွက် နည်းပြ ဇီဒန်းကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ချက်အပြည့် ရှိနေဆဲပဲဖြစ်တယ်လို့ သိရပါတယ်။

နည်းပြ ဇီဒန်းဟာ မန်ယူနည်းပြရာထူးကို စိတ်ဝင်စားမှုမရှိဘူးလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မန်ယူဘက်ကတော့ စီရော်နယ်ဒိုနဲ့ ဗာရန်းတို့ အသင်းမှာ ရှိနေတဲ့အချက်က ဇီဒန်းကို မန်ယူနည်းပြဖြစ်လာဖို့အတွက် ဆွဲဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

စီရော်နယ်ဒိုနဲ့ ဗာရန်းတို့ဟာ ဇီဒန်းကို မန်ယူနည်းပြအဖြစ် တာဝန်ယူဖို့အတွက် စည်းရုံးနားချနိုင်လိမ့်မယ်လို့ မန်ယူဒါရိုက်တာဘုတ်အဖွဲ့တွေက ယုံကြည်နေပြီး ဇီဒန်းနဲ့ နီးစပ်သူတွေကတော့ ဇီဒန်းရဲ့ပစ်မှတ်ဟာ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြဖြစ်လာဖို့ တစ်ခုတည်းသာရှိနေတယ်လို့ အခိုင်အမာ ပြောကြားနေဆဲပဲဖြစ်ပါတယ်။

မန်ယူဟာ အသင်းနည်းပြသစ်လျာထားစာရင်းထဲမှာ အီရစ်ခ် တင်းန် ဟတ်ဂ်၊ ဇီဒန်းနဲ့ ဘရင်ဒန်ရော့ဒ်ဂျားစ်တို့ကို ထည့်သွင်းထားကြောင်း သတင်းထွက်ပေါ်နေပြီး ဗြိတိန်သတင်းရင်းမြစ်အများစုကတော့ မန်ယူအသင်းနဲ့ တရားဝင်ဆွေးနွေးမှုတွေရှိနေတဲ့နည်းပြက ဘရင်ဒန်ရော့ဒ်ဂျားစ်သာဖြစ်တယ်လို့ ဖော်ပြနေပါတယ်။

မန်ယူဘုတ်အဖွဲ့ဟာ နည်းပြ ဆိုးလ်ရှားကို အချိန်ဆက်လက်ပေးအပ်ကြည့်ဖို့ ဆုံးဖြတ်ထားပေမယ့် ရှေ့လာမယ့်ပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးရွားခဲ့ရင်တော့ အပြောင်းအလဲတစ်ခုခုလုပ်ဖို့ကို အလေးအနက်ထား စဉ်းစားသွားဖွယ် ရှိနေပါတယ်။