ကြိုးကြိုက်သလား၊ကျည်ကြိုက်သလား မျက်နှာရူးသာဝ

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။

ဖတ်ထားမှတ်ထားသမျှ ပြန်စဉ်းစားကြည့်လိုက်တော့ အာဏာရှင်တွေအားလုံးရဲ့ တူညီချက်က အင် မတန်ကြွားတတ်ဝါတတ်မှန်း တော်ကီ သဘောပေါက်ရတယ်။ဟိုး…ပထမကမ္ဘာစစ်အပြီး အာဏာရှင်ဘိုးအေ ကြီး နှုတ်ခမ်းမွှေးစပ်ဖြဲဖြဲနဲ့ ဟစ်တလာကိုကြည့်မလား။ဒီဘက်ခေတ် နောက်ပေါက်အာဏာရှင် ဆဒမ်အူစိန်တို့ ရွှေသေနတ်ကိုင်ပြီး သူ့ကိုမသတ်ဖို့ လက်အုပ်ချီတောင်းပန်ခဲ့တဲ့ ကဒါဖီကိုကြည့်မလား။မြောက်ကိုရီးယားနဲ့ မြန် မာအာဏာရှင် စီးရီးကိုကြည့်မလား။သူတို့အားလုံးရဲ့ ပွဲတက်ဝတ်စုံကိုကြည့်လိုက်၊သူတို့ရထားတယ်ဆိုတဲ့ တံဆိပ်အမျိုးမျိုးက သူတို့ရင်ဘတ်မှာ ဘာတွေမှန်းမသိ အော့ချင်အန်ချင်စရာအပြည့်။

အလကားနေရင်းအာဏာရှင်ဖြစ်လာတာမဟုတ်ဘူး၊ဒီမှာကြည့်ကြ ဆုတံဆိပ်တွေလို့ ပါးစပ်နဲ့ထုတ်မ ပြောဘဲ ပြောနေသလိုမျိုး။တော်ကီတို့ဗမာပြည်မှာ ခွေးဇာတ်စခင်းတဲ့ မသူတော်နေဝင်းဆိုရင်လည်း ၁၉၆၂၊ အာ ဏာသိမ်းပြီးခါစရှိသေး၊ပုံမှန်ကုလားထိုင်ထက်၉လက်မပိုမြင့်တဲ့ ကုလားထိုင် ကြီးတစ်လုံးတည်။သူဗ မာပြည်ထဲ ဘယ်သွား သွား အဲကုလားထိုင်ကြီးသယ်ခိုင်းပြီး အဲပေါ်မှာသာ ထိုင်တော့သတဲ့။

သူ့တပည့်တပန်းတွေက သယ်ရတာအလုပ်ရှုပ်လို့ သူသွားတတ်တဲ့မြို့တွေမှာ အဲလိုကုလားထိုင်ကြီး ထပ် ဆောက်ထားမယ်လုပ်တော့ နားရင်းအရိုက်ခံလိုက်ရတယ်။သူမရှိတဲ့အချိန် အဲကုလားထိုင်မှာ တစ် ယောက်ယောက် တက်ထိုင်တာမျိုးအဖြစ်မခံ။ဒါ့ကြောင့် နောက်တစ်လုံးမဆောက်၊သူဘယ်သွား သွားတစ်လုံး တည်းသောကုလားထိုင် ကြီးကိုသာ ဖြစ်အောင်သယ်ကြတဲ့။

ခွေးဇာတ်ဆရာကြီးက သွားတဲ့နေရာကိုအရင်ရောက်ပြီး သူ့ကုလားထိုင်ကြီးက မရောက်သေး ဘူးဆို လည်း သူက မလာမချင်း မိုးတိုးမတ်တပ်စောင့်တာပဲ။အဖားမတတ်တဲ့ငနဲတချို့က အဘကြီးထိုင်ပါဆိုပြီး ထိုင် ခုံတစ် လုံးသွားထိုးပေးတော့ ပက်ပက်စက်စက်အဆဲခံရရုံမက အဲကောင်မျက်နှာ နောက်တစ်ခါငါမမြင်ချင်ဘူး ဆိုလို့ ရာသက်ပန်ချောင်ထိုးခံရတော့တယ်။

ထပ်ဘာဖြစ်သေးလဲဆိုတော့ ကုလားထိုင်ထိန်းတပ်ကြပ်ကြီးပေါ်လာတာပဲ။အဲဒီတပ်ကြပ်ကြီးရဲ့ တာဝန်က ကုလားထိုင်ကြီးကို သေချာထိန်းသိမ်းစောင့်ရှောက်။နေ့စဉ်မနက်၊ည အိမ်ကမိန်းမ ထမီမလှန် ချင်နေ၊ကုလားထိုင်ကြီးအုပ်ထားတဲ့ အဝတ်ကိုပုံမှန် လှန်၊ဖုန်လေးဘာလေးသုတ်၊ကုလားထိုင်ကြီးခရီးထွက်ပြီ ဟေ့ဆို တပ်ကြပ်ကြီးဟာ ရှေ့တန်းထွက် တော့မယ့်အတိုင်း သတိအနေအထား။ကုလားထိုင်ကြီး ဘေးမ သီ ရန်မခ ပွန်းရာပဲ့ရာ မရှိစေရ။တပ်ကြပ်ကြီးခမျာ အဲဒီလိုနိုင်ငံ့တာ ဝန်ကျေပွန်စွာထမ်းဆောင်ခဲ့လို့ နိုင်ငံ့ဂုဏ် ဆောင်ဆုတွေဘာတွေတောင် ရခဲ့သေးဆိုလား။

ခွေးဇာတ်ဆရာကြီးက အာဏာသိမ်းပြီးမကြာဘူး၊ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကိုမိုင်းခွဲ လို့ ကျောင်းသားတွေကိုအရှင်လတ်လတ်သတ်။ဆန္ဒပြသလား သတ်။တစ်ခုကောင်းတာက သူ့ကိုယ်သူလည်း လူသတ်သမားမှန်းသိ တော့ လူရှေ့သူရှေ့ အာချောင်တာမျိုးတွေ၊မီဒီယာတွေဘာတွေနဲ့ တောင်ပြောမြောက် ပြောတာမျိုးတွေ ပြတ်ပြတ် ရှောင်တယ်။

ပြီးတော့ ခွေးဇာတ်ဆရာကြီးရဲ့ ခွေးထက်သာတဲ့ဇာတ်က ၂၄နာရီ တော်သလင်းချင်တာ။ဂျပန်ခေတ် တုန်းကဆိုလည်း ဂျပန်ပြန်ဘွဲ့ထူးကိုမှ အားမနာ၊ဖာတန်း ခေါင်းအုံးအိပ်၊သူ့ရှေ့ဝါးလုံးတွေဘာတွေ မဖြတ်ရဲတဲ့ အထိ။အာဏာရှင် လည်း ဖြစ်ရော တရမ်းရမ်းဇာတ်တွေက တစ်ပွေပြီးတစ်ပွေ။အဲဒီလိုလူလည်းသတ် တဏှာ လည်း သရမ်းခဲ့ သူကြီးက သေခါနီးလည်းကျ ရော တရားထူးပဲရတော့မလို ၊မယားထူးပဲ ထပ်ရတော့မှာလိုလို နဲ့ ဆရာတွေအထာတွေမရှိတဲ့ တပည့်ကျော်ကျောက်ဆည်သားနဲ့တွေ့မှ သေချင်းထူးတော့တယ်။

ကျောက်ဆည်သား ဒုတိယအာဏာရှင်ကလည်း သူကလည်းခေသူမဟုတ်တော့ သောက်ဘဝင်တစ် မျိုးရူးတာပါပဲ။သူကတော့ချက်စ်ဆရာ။ကွမ်းလေးတမြုံ့မြုံ့ သောက်ခွက်ကြီးဆူပုတ်ပုတ်နဲ့ ဟိုလူ့ကိုခေါက်၊ ဒီလူ့ကိုဖြုတ်၊လူတွေကို ပွန်းလေးတွေလို ထိုင်ကစားတော့တယ်။ဒါပေမဲ့၊သူကသူ့ရုပ်သူလည်း ကျက်သရေမရှိ မှန်းသိ၊လေနဲ့ဝမ်းကွဲအောင်လည်း စကားကမပြောတတ်ဆိုတော့ မိဘပြည်သူများခင်ဗျာဆိုပြီး တီဗီ ရှေ့အာ ချောင် တာမျိုးကိုရှောင်တယ်။ခွေးသေဝက်သေလို သူလွှင့်ပစ်ခဲ့တဲ့ သူ့အဖေကြီးလို သေခါနီးမှ အကျယ်ချုပ် ဘဝမရောက်ဖို့ သတိကြီးကြီးထားနေတယ်။

တကယ်တော့ အခုဗိုလ်ကျနေတဲ့သာဝဆိုတာ သူ့ဖိနပ်တိုက်ခိုင်းတဲ့အဆင့်ပါ။ဖိနပ်တိုက်ကောင်းပြီး ဘာမှမပြောရသေးဘူး တဟုတ်တည်းဟုတ်နေလို့ ဖေ့သားကြီး လာဆိုပြီး အပွင့်တွေဂိတ်ဆုံးတင်ပေးလိုက် တာ အခုတော့ သာဝတို့လင်မယားက ပြောမရဆိုမရ အဆီဗူးတခါခါ။

သာဝက သူတို့အဖေကြီးတွေ သူ့အဘကြီးတွေထက် သာတာက မြန်မာစာဆရာမ ခေါထက်ထက် ကြူက ယဉ်ကျေးလိမ္မာသင်တန်းပေးထားလေတော့ ယဉ်ယဉ်ကျေးကျေး လိမ်လိမ်မာမာ သတ်သတ်ဖြတ်ဖြတ် နဲ့ခေါင်းတည့်တည့်မှန် အောင်ပစ်ရဲတာပါပဲ။ရွာထဲကိုဝင် မြင်သမျှအကုန်လု ပြီးရင် ရွာလုံးကျွတ်မီးတင်ရှို့၊ရွာ တွေရှို့ပြီးတော့မြို့ကိုရှို့။သတ်လို့လည်း မသေ၊ရှို့လို့လည်းပြာမကျလေတော့ အခုနောက်ဆုံးပေါ် နည်းက လူမမိရင် အိမ်ရှိအိမ်သိမ်း၊အိမ်မရှိရင်လည်း မိဘအိမ်တွေဘာတွေ အကုန်လျှောက်သိမ်း။ဒါမျိုးက သာဝ သာလုပ်ရဲတာကွ ဆိုပြီး ပုစောင်းစောင်း ကွတတနဲ့။

ပြီးတော့ ထပ်သာသွားပြန်တာက မျက်နှာရူးတတ်တာ။သာဝရဲ့ငယ်ဘဝအိပ်မက်က ပြဇာတ်မင်းသား ဖြစ်ချင်ခဲ့တာ၊သူကဒီရုပ်ရည်လောက်နဲ့ဆို လိမ်စားလုပ်စားလို့ရမယ်လို့ ထင်နေတာဆိုတော့ တစ်ပတ်မှာတစ် ခါ၊နှစ်ခါ တွန့်နေလိမ်နေတဲ့ ပါးရေကို မျက်နှာချေလေးဖို့၊ကျပ်မပြည့်တဲ့ကေသာကို ဆေးတွေဘာတွေဆိုးလို့ သူ့ကိုယ်သူ နိုင်ငံ့ခေါင်းဆောင်ကြီးပမာ ပြည်သူတွေထမင်းလျှော့စားကြ၊အသားတွေဘာတွေလည်း လျှော့စား ကြ၊အဲဒီလို မျက်နှာရူးရတာလည်း ပြာလို့။လူမြင်သူမြင် ကမ္ဘာမြင် ပြည်သူကို သတ်ပြနေပြီး ပြည်သူကိုရင်ဝယ် သားပမာ ကရုဏာထားပြတတ်တာ တော်ရုံမျက်နှာရူးအဆင့်နဲ့ ဘယ်ရပါ့မလဲ။

သာဝဟာအဲဒီလိုအထာကျတယ်၊သာဝဟာလူပိုသတ်ပြတယ်၊သာဝဟာ ဆရာ့ဆရာတေွထက်သာအောင် တိုင်း ပြည်ပိုက်ဆံ ငါ့ပိုက်ဆံဆိုပြီး စွမ်းစွမ်းတမံခိုးပြချင်သေးတယ်။ဒါပေမဲ့ သာဝဟာ အခြေမလှနေမှန်းလည်းသိ တော့ ဆဒမ်အူစိန်လို ကြိုးကြိုက်သလား၊ကဒါဖီလို ကျည်ဆန်ပဲကြိုက်သင့်သလား ၊စင်းလုံးဌားလေယာဉ်နဲ့ ဘယ်နိုင်ငံပြေးရင်ကောင်းမလဲ ဆိုတာလည်း စဉ်းစားနေရပြီဆိုလား…..။ဒါဟာလည်း သူ့ဆရာ့ဆရာတွေ မကြုံခဲ့ဖူးတဲ့သာဝရဲ့ သာကွက်တစ်ကွက်ဆိုလား။

တော်ကီ

Facebook Notice for EU! You need to login to view and post FB Comments!

Delta News Agency

Read Previous

စီရော်နယ်ဒို၊ ဗာရန်းတို့နဲ့ ရင်းနှီးမှုရှိနေလို့ ဇီဒန်းကို ခေါ်ယူနိုင်ဖို့အတွက် မန်ယူ ယုံကြည်နေဆဲဖြစ်

Read Next

နတ်မောက်စျေးကြီး မီးလောင်မှု ဆိုင်ခန်းပေါင်း ၂၄၀ကျော်မီးလောင်ပျက်စီး