ပုလဲရွာနှစ်ရွာကို အကြမ်းဖက်စစ်အုပ်စုက တစ်အိမ်တက်ဆင်း မိုင်းရှာဖွေ

၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်ထဲက ရွာနှစ်ရွာကို အကြမ်းဖက်စစ်အုပ်စုက တစ်အိမ်တက်ဆင်း မိုင်းရှာဖွေခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့မနက်၇နာရီကနေ ၉နာရီကျော်အထိ အိမ်ခြေ၁၈၀လောက်ရှိတဲ့ မြကုန်းရွာကို တစ်အိမ်တက်ဆင်း ရှာဖွေခဲ့ပြီး မနက် ၁၀နာရီကနေ ၁၂နာရီအထိ အိမ်ခြေ၁၀၀ကျော်ရှိတဲ့ ကုက္ကိုကုန်းရွာကို ရှာဖွေခဲ့တယ်လို့ ပုလဲအခြေစိုက် ပြောက်ကျားခေါင်းဆောင်တစ်ဦးကပြောပါတယ်။

‘စစ်ခွေးချည်းပဲလာတာ၊၅၀ကျော်ရှိမယ်။ကိုက္ကိုကုန်းက တွင်ခုံလုပ်တဲ့နှစ်အိမ်ကိုတော့ တစ်အိမ်ကိုနာရီဝက် လောက်ကြာအောင်ရှာခဲ့တယ်။နှစ်ရွာစလုံး ဘာမှမတွေ့ပါဘူး။သူတို့လည်း ရွာကနေလုတာတို့ ဖမ်းတာတို့မလုပ် ဘူး’လို့ သူကပြောပါတယ်။

ကုက္ကိုကုန်းရွာကနေပြန်ထွက်ပြီးနောက် နှောကန်ရွာအရှေ့ဘက် ကတ္တရာလမ်းဘေးကို ဆက်လက်ရှာဖွေခဲ့ရာ မိုင်း တစ်လုံးတွေ့တယ်လို့ သတင်းထွက်ပေါ်နေကြောင်းသိရပါတယ်။

‘အခု၄နာရီအထိအဲဒီနေရာမှာ ရှာနေတုန်းပါပဲ။နောက်ရက်တွေမှာ တခြားရွာတွေကို ဆက်ရှာတာတွေလုပ်နိုင်တယ်။’လို့ သူကဆက်ပြောပါတယ်။

အကြမ်းဖက်စစ်သား၅၀ကျော်ဟာ ကားတစ်စီးနဲ့လာခြင်းဖြစ်ပြီး ကားပေါ်မှာ ရိက္ခာနဲ့ လက်နက်တွေ တင်လာတာ တွေ့ရတယ်လို့သိရပါတယ်။

‘သူတို့ဒီညမှာ မင်းတိုင်ပင်ရွာက အထကကျောင်းမှာ အိပ်မယ်လို့ထင်တယ်’လို့ သူကပြောပါတယ်။