​​မင်းတပ်-မတူပီလမ်းတလျှောက်တိုက်ပွဲဆက်ဖြစ်ပွားနေပြီး စစ်အုပ်စုက သေဆုံးသူများပြား

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

ချင်းပြည်နယ် မင်းတပ်-မတူပီ လမ်းတလျှောက်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ CDF-MINDATတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်စု သံချပ်ကာကားမှ စက်သေနတ်ပစ်သူအပါအဝင် ၁၀ဦးကျော် သေဆုံးခဲ့တယ်လို့ CDF-MINDATက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၀ရက်နေ့ မွန်းလွဲ ၁နာရီခန့်မှာ စစ်အုပ်စုဟာ မင်းတပ်-မတူပီလမ်းတလျှောက် သံချပ်ကာကား ၂စီးကို စစ်ကြောင်းထိပ်မှာ ထားရှိကာ စစ်ကား၂စီးစီ ယှဉ်မောင်းပြီး စစ်ကြောင်းထိုးလာခဲ့တာကို  CDF-MINDATက ၁၉မိုင်အနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြောက်ကျားတိုက်ပွဲအတွင်းမှာ သံချပ်ကာကားပေါ်မှ စက်လတ်(light machine gun)ပစ်သူ အပါအဝင် ၁၀ဦးကျော် သေဆုံးခဲ့ပြီး မိုင်ဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေလည်း များပြားခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့ ယာဉ်တန်းရှည်ဟာ လက်နက်ကြီးခဲယမ်းနည်းပါးနေတာကြောင့် မင်းတပ် ဒေသခံတပ်ရင်းက ၁၁မိုင်အထိတက်လာကာ လက်နက်ကြီးနဲ့ လှမ်းကူပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ CDF-MINDATက ဆိုပါတယ်။

မင်းတပ်-မတူပီကားလမ်း ၂၇မိုင်အနီးမှာ စစ်အုပ်စုက စစ်သားအလောင်းတစ်ခုကို မြုပ်ခဲ့တယ်လို့ သိရပါတယ်။

မနေ့က နိုဝင်ဘာလ ၉ရက်နေ့ကလည်း ၁၆မိုင်အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၅ဦးခန့် သေဆုံးကာ မိုင်းထိဒဏ်ရာရရှိသူ များပြားခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်အုပ်စုဟာ နောက်ဆုတ်ပြေးခဲ့တာကို CDF-MINDATက ၁၄မိုင်အထိ လိုက်လံတိုက်ခိုက်ခဲ့ပြီး ၂ဦးထပ်မံသေဆုံးကာ ဒဏ်ရာရရှိသူတွေ များပြားခဲ့တယ်လို့ CDF-MINDATက ခန့်မှန်းထားပါတယ်။

စစ်အုပ်စုဟာ လမ်းမပေါ်က သွေးကွက်တွေကို ဆေးတာ၊ မြေကြီးတွေနဲ့ ဖုံးတာတွေလုပ်ဆောင်ပြီး သဲလွန်စတွေကို ဖျောက်ဖျက်ခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ- CDF-MINDAT