ငပုတောမှာ ကြံ့ဖွံ့ပါတီဆိုင်းဘုတ်ပျောက်လို့ဆိုကာ နယ်ထိန်းက သေနတ်ပစ်ဖောက်သောင်းကျန်း

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

ဧရာဝတီတိုင်း ငပုတောမြို့နယ် မန်ကျည်းပင်ကျေးရွာမှာ ကျေးရွာက ကြံ့ဖွံ့ပါတီရဲ့ ဆိုင်းဘုတ်ပျောက်လို့ဆိုကာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ နယ်ထိန်း ရဲတပ်သား ကောင်းမြတ်ဇော်ဝင်းက ကျေးရွာအတွင်းမှာ သေနတ်ပစ်ဖောက်ရမ်းကားမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၀ရက်နေ့ မနက်ပိုင်းမှာ အရက်မူးနေတဲ့ နယ်ထိန်းရဲတပ်သား ကောင်းမြတ်ဇော်ဝင်းဟာ ကျေးရွာအတွင်းမှာ သေနတ်ပစ်ဖောက်ပြီးတော့ ရမ်းကားခဲ့တာလို့ သိရပါတယ်။

“အဲ့ရဲက တော်တော်မူးနေတာ ရွာထဲဝင်လာပြီး သေနတ်နဲ့ မိုးပေါ် တဒိုင်းဒိုင်းထောင်ပစ်နေတော့ ကြောက်လန့်ပြီးပုန်းနေကြရတယ်၊ ပြီးမှ ရွာအပြင်က ကြံ့ဖွံပါတီက ဆိုင်းဘုတ်ပျောက်သွားလို့ ပြသနာရှာတာလို့ သိရတာ၊ ဘယ်သူက အဲ့ဆိုင်းဘုတ်ကို အဖက်လုပ်ပြီး ယူမှာတဲ့လဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

နယ်ထိန်းရဲတပ်သား ကောင်းမြတ်ဇော်ဝင်းဟာ သုံးခွကျေးရွာ နယ်မြေရဲစခန်းက ရဲတပ်သားတစ်ဦးဖြစ်ပြီး ပစ်ခတ်မှုအပြီးမှာ သုံးခွနယ်မြေရဲစခန်းက လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်

ပုံစာညွှန်း- သေနတ်နဲ့ ရမ်းကားပစ်ခတ်ခဲ့တဲ့ နယ်ထိန်းရဲတပ်သား ကောင်းမြတ်ဇော်ဝင်း