ဖျာပုံမြို့နယ် နောက်မီးကျေးရွာက ဒလန်လို့ယူဆရသူ (၄)ဦးကို PDF(ဖျာပုံ)က သတိပေးစာပို့

၂၇၊ ဩဂုတ်လ၊ ၂၀၂၁။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ နောက်မီး ကျေးရွာက ကိုသန်းထွဋ် ၊ ကိုမြဝင်း၊ ကိုအေးသောင်းနဲ့ ကိုကြင်ဝမ်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(ဖျာပုံမြို့နယ်) ကသတိပေးစာပေးပို့တယ်လို့သိရပါတယ်။

သတိပေးစာကို နောက်မီးကျေးရွာသူ/သားများ ဆုံစည်းရာ group မှာ သြဂုတ်လ ၂၆ ရက်နေ့ ည (၁၁)နာရီအချိန်ခန့်လောက်က တင်ပေးခဲ့တာဖြစ်ပြီး “နောက်မီးရွာက သန်းထွဋ် ၊ မြဝင်း၊ အေးသောင်း၊ ကြင်ဝမ်း အစရှိတဲ့ ဒလန်အကြီးစားစစ်ဘောမတွေနဲ့နောက်လိုက်ခွေး အပေါင်းအပါ စစ်ဘောမတစ်သိုက်တို့ ခင်ဗျားတို့ရဲ့ ရွံစရာကောင်းတဲ့ လုပ်ရပ်တွေ ကို ရပ်တန်းက ရပ်ပါ၊

မလိုက်နာခဲ့ရင် ခင်ဗျားတို့ အသက်နဲ့ ဘဝတွေ အတွက် လုံးဝ(လုံးဝ) တာဝန်ယူမည် မဟုတ်ပါကြောင်း ဤစာနှင့် သတိပေးလိုက်တယ်”လို့ ရေးသားဖော်ပြထားပါတယ်။

ဖျာပုံမြို့နယ်အတွင်း သြဂုတ်လ ၂၃ ရက်နေ့က ဖျာပုံမြို့ရဲ့ ဒလန်အမည်စာရင်း (၃၆) ဦးစာရင်းကို မြစ်ဝကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစု (DGWCF)က ထုတ်ပြန်ခဲ့ပြီး ဖျာပုံခရိုင်အတွင်းရှိ ဘိုကလေးမြို့နယ်၊ ပတ္တမြားကုန်းကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး ဦးဝင်းကိုထံကိုလည်း သြဂုတ်လ ၂၀ရက်နေ့က ကျည်ဆံတစ်တောင့်နဲ့အတူ သတိပေး စာပေးပို့တဲ့ ဖြစ်စဥ်တွေရှိခဲ့ပါတယ်။