ထန်တလန်မြို့အတွက် ဝမ်းနည်းကြောင်းရေးသားသူ အလွတ်တန်းသတင်းထောက်တစ်ဦး အဖမ်းခံရ

၆၊ အောက်တိုဘာလ၊ ၂၀၂၁။

ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ထန်တလန်မြို့အတွက် ဝမ်းနည်းကြောင်း ကဗျာကို လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တဲ့ အလွတ်တန်းသတင်းထောက် ကိုရဝေမောင်ခေါ်  ကိုညွှန့်လွင်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

 အောက်တိုဘာလ ၃၀ရက်နေ့ မနက်ပိုင်းမှာ “ထန်တလန်ဆိုတာ ငါတို့သွေးချင်တွေနေတဲ့မြို့ ဖေးကူဖို့လိုနေပြီလေ.. သွေးဆူသူတို့လက်နဲ့ အခုတော့ အေးအတူပူအမျှမရှိတော့ဘူး”လို့ ရေးသားခဲ့ပြီးနောက် နိုဝင်ဘာလ ၃ရက်နေ့ စစ်အုပ်စုက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

 အလွတ်တန်းသတင်းထောက် ကိုရဝေမောင်ဟာ CDMဝန်ထမ်းတွေကို ဖိနှိပ်နေတဲ့ စိုက်ပျိုးရေး သိပ္ပံကျောင်းအုပ်အကြောင်းကို ရေးသားခဲ့မှုကြောင့် မတ်လအတွင်းမှာ ပုဒ်မ ၅၀၅-ကနဲ့ ဖမ်းဆီး ခံခဲ့ရသေးပြီး မေလအတွင်း လွတ်ငြိမ်းသက်သာမှာ ပြန်လည်လွတ်မြောက်လာခဲ့သူတစ်ဦးဖြစ်တယ်လို့ မြို့ခံသတင်းထောက်တစ်ဦးကပြောပါတယ်။

ကိုရဝေမောင်ရဲ့ လူမှုကွန်ရက်တွေမှာ ရေးသားခဲ့မှုကို ဝင်ရောက်မှတ်ချက်ပေးခဲ့သူ အမျိုးသား တစ်ဦးကိုလည်း စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး မှုခင်းသတင်းထောက်တွေဖြစ်တဲ့ ကိုရာဇာကြီးခေါ် ကိုလှမျိုးကိုလည်း နိုဝင်ဘာလ ၁ရက်နေ့မှာ လူမှုကွန်ရက်တွေပေါ်မှာ ရေးသားခဲ့မှုတွေနဲ့ ပက်သက်ပြီး ဖမ်းဆီးထားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ မြောင်းမြမြို့မှာ လွတ်ငြိမ်းသက်သာနဲ့ ပြန်လည်လွတ်ပေးခဲ့သူတွေရဲ့ ထက်ဝက်ကျော်ကို ပြန်လည်ဖမ်းဆီးထားတယ်လို့ မြို့ခံအသိုင်းအဝန်းက ဆိုပါတယ်။

 ဧရာဝတီတိုင်းအတွင်းမှာ စစ်အုပ်စုဟာ ပုသိမ်မြို့မှာ လွတ်ငြိမ်းသက်သာနဲ့ ပြန်လည်လွှတ်ပေးခဲ့သူ အလွတ်တန်းသတင်းထောက် မရွှေရည်ဝင်းကိုလည်း ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးထားပြီး၊ မြစ်မခသတင်းအေဂျင်စီမှ သတင်းထောက်ဟောင်း ကိုမျိုးမင်းထွန်း၊ သံတော်ဆင့် သတင်းဌာနမှ ကိုရဲရင့်ထွန်း၊ Delta News Agencyမှ သတင်းထောက်ဟောင်း ကိုမျိုးစံစိုးတို့ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။