အဂတိလိုက်စားမှုနဲ့ လပွတ္တာက ဒုရဲအုပ်ကို ပုသိမ်တရားလွှတ်တော်မှာ တရားစွဲတင်မယ်

ဧရာဝတီတိုင်း ၊ လပွတ္တာမြို့နယ် ၊ ကန်ဘဲ့နယ်မြေစခန်းက ဒုရဲအုပ် အောင်နိုင်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ နှင့် ပုသိမ်တရားလွှတ်တော်မှာ တရားဆွဲဆိုသွားမယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းပြန်ကြားရေးအရာရှိ ဦးဟန်ညွှန့်က Delta News Agency ကိုပြောပါတယ် ။

“တရားစွဲတင်ဖို့ ကျွန်တော်တို့ဆီကတော့ သွားနေပြီ ၊ ကျွန်တော်ထင်တယ် ဒီနေ့ တရားလွှတ်တော်က လက်ခံလား လက်မခံလား မသိသေးဘူး ။ ကျွန်တော်တို့ကတော့ တရားစွဲတင်မယ့် ပ နံပါတ်တွေဘာတွေနဲ့ ရောက်သွားပြီ ၊ ပုသိမ်တရားလွှတ်တော်မှာ တရားစွဲတင်သွားမယ်” လို့ ဦးဟန်ညွှန့်က ပြောခဲ့တာပါ ။

စိုက်ပျိုးရေးမှာ အသုံးပြုဖို့အတွက် ကျွဲ (၅)ကောင်ကို စာချုပ်စာတမ်းနှင့် ဝယ်ယူခဲ့ပြီး စက်လှေနဲ့ သယ်ဆောင်လာချိန်မှာ ဒုရဲအုပ် အောင်နိုင်ဦးက လယ်သမားတွေကို အမှုဆင်ပြီး ဖမ်းခဲ့ပြီး
အဲဒီနောက် တရားစွဲပြီး ငွေကြေးတောင်းခံခဲ့သလို တရားရုံးသက်သေခံအဖြစ် သိမ်းယူထားတဲ့ ကျွဲ ၅ ကောင်ကို ရောင်းစားခဲ့တဲ့အတွက် နစ်နာသူတွေက အဂတိကော်မရှင်ရုံးကို တိုင်ကြားခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ် ။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ဒုရဲအုပ်အောင်နိုင်ဦးက တရားခံရဲ့ ဇနီးဆီကနေ ငွေ ၅ သိန်း နှင့် တရားခံတွေ အာမခံရဖို့ ငွေ ၅ သိန်းတောင်းယူကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ရေးသားထားပါတယ် ။

အခုလို ရဲတပ်ဖွဲ့ဝင်တစ်ဦး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ နှင့် အရေးယူခံရတာနဲ့ ပတ်သက်ပြီး အမှုဖွင့်ထားတဲ့ အခြေအနေပဲ ရှိသေးတယ် ၊ ရဲတပ်ဖွဲ့အပိုင်းကတော့ သူ့ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနှင့် အရေးယူပြီးတော့ ဆောင်ရွက်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက ဒုရဲမှူးကြီးထွန်းရွှေက အတည်ပြုဖြေကြားခဲ့ပါတယ် ။

ဒုရဲအုပ် အောင်နိုင်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ကန်ဘဲ့နယ်မြေရဲစခန်းမှာ ဇန်နဝါရီလ ၂၈ ရက်နေ့ မနေ့က ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲအရေးယူနိုင်ဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ် ။