ထောင်ဝင်စာခေါင်းလျှော်ရည်ဗူးထဲက စိတ်ကြွဆေးပြားတွေမိ

ဒီနေ့ မနက်ပိုင်းမှာ မြောင်းမြအကျဉ်းထောင်မှာကျနေတဲ့ အကျဉ်းသား နိုင်လင်းထွန်းဆီကို ထောင်ဝင်စာပို့ရာမှာပါတဲ့ ခေါင်းလျှော်ရည်ဗူးထဲက စိတ်ကြွဆေးပြားတွေ ဖမ်းမိခဲ့တယ်လို့ သိရပါတယ် ။

မြောင်းမြအကျဉ်းထောင်မှာ ထောင်ဒဏ် ၂၉ နှစ်ကျခံနေရတဲ့ နိုင်လင်းထွန်း(ခ)ဖိုးခွေး(ခ)တင်ကိုဦး ဆီကို ဇော်မင်းကို(ခ)ရာမန် နဲ့ ပိုးအိဖြူ တို့က ထောင်ဝင်စာပစ္စည်းတွေ လာရောက်ပို့ဆောင်ခဲ့ရာမှာ အခုလို ဖမ်းဆီးမိတာပဲ ဖြစ်ပါတယ် ။ ရဲ စစ်ချက်တွေအရ ဇော်မင်းကို က ရန်ကုန်မြို့ ၊ ပန်းပဲတန်း ၊ ဗိုလ်ဆွန်ပက်လမ်းမှာ နေထိုင်သူဖြစ်ပြီး ပိုးအိဖြူကတော့ မြဝတီမြို့ကလို့ သိရပါတယ် ။

ထောင်ဝင်စာလာပို့တဲ့ CLEAR တံဆိပ်ခေါင်းလျှော်ရည် ၂ ဗူးအတွင်းကနေ WY တံဆိပ်ပါတဲ့ ပန်းရောင်စိတ်ကြွဆေး ၂၂၀ ပြား ၊ R တံဆိပ်ပါ ပန်းရောင်စိတ်ကြွဆေး ၁၂၈ ပြား ၊ အစိမ်းရောင်ဆေး ၂ ပြား ၊ စုစုပေါင်း ၃၅၀ ပြား စစ်ဆေးတွေ့ရှိခဲ့တယ်လို သိရပါတယ် ။
မြောင်းမြထောင်အတွင်း မူးယစ်ဆေးပြားတွေ သယ်ဆောင်လာသူတွေကို မယ(ပ) ၁/၂၀၁၉ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပုဒ်မ ၁၉(က)/၂၁အရ စစ်ဆေး အမှုဖွင့်ထားတယ်လို့ သိရပါတယ် ။