တောင်ဒဂုံရာအိမ်မှူးသေနတ်နဲ့အပစ်ခံရပြီးနောက် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ရမ်းကား

၃၀၊ အောက်တိုဘာလ၊ ၂၀၂၁။

ရန်ကုန်၊တောင်ဒဂုံ၅၅ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးတစ်ဦး သေနတ်နဲ့အပစ်ခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ရမ်းကားပစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့ ​ဒေသခံ​တွေဆီက သိရပါတယ်။

အောက်တိုဘာ၂၉ရက်နေ့ည ၉နာရီလောက်က ရာအိမ်မှူးအေးကိုကို  လူတစ်ဦးက သေနတ်နဲ့ ပစ်ခြင်းဖြစ်ပြီး အေးကိုကိုကျည်မထိဘဲ အနီးမှာရှိနေတဲ့ သူ့တပည့်ရဲ့ခန္ဓာကိုယ်၊ပေါင်နဲ့ခြေထောက်တို့ကို ကျည်ထိမှန်ဒဏ်ရာရ ခဲ့တယ်လို့ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာSDI ကဖော်ပြပါတယ်။

‘သေနတ်သမားက သိပ်အတွေ့အကြုံမရှိဘူးလို့ထင်တယ်။ဘယ်အဖွဲ့ကပစ်တယ်ဆိုတာကိုတော့ မသိရသေးဘူး။ အဲဒီကိစ္စဖြစ်ပြီး စခတွေ တောင်ဒဂုံအနှံ့လိုက်သောင်းကျန်းနေတော့တယ်’လို့ တောင်ဒဂုံ၊အောင်ဇေယျအိမ်ယာနေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

သေနတ်နဲ့ပစ်တဲ့လူကိုမမိပေမဲ့ အခင်းဖြစ်ပြီးသိပ်မကြာခင် စစ်အုပ်စုတပ်တွေရောက်လာပြီး အနီးဝန်းကျင်ကို စစ် ဆေးခဲ့တယ်လို့ သိရပါတယ်။

ည၁၀နာရီ၁၀မိနစ်ကစလို့ တောင်ဒဂုံ ဂိတ်ဟောင်းနဲ့ကုန်တိုက်နားဝန်းကျင်မှာ သေနတ်သံ၇ချက်ကြားခဲ့ရပြီး သေနတ်သံ၃ချက်ဟာ အိမ်စီးကားကို ပစ်တာလို့ SDI ကဖော်ပြပါတယ်။

‘အိမ်စီးကားက စစ်တပ်ကတားတာမရပ်လို့ပစ်တာလို့သိရတယ်။သူတို့တားလို့ရပ်ရင်လည်း ကိုယ်က ရိုးရိုးကိစ္စရှိလို့ ထွက်တယ်ဆိုတောင် ပိုက်ဆံမပေးရင် အနည်းဆုံး အရိုက်အနှက်ခံရနိုင်တယ်ဆိုတော့ မရပ်တာ ဖြစ်နိုင်တယ်’လို့ သူကပြောပါတယ်။

ည၁၂နာရီကျော်မှာလည်း သေနတ်သံတွေကို ထပ်ကြားရပေမဲ့ အကြောင်းရင်းကို မသိသေးဘူးလို့ သူကဆက်ပြောပါတယ်။

မ​နေ့ည ၁၀နာရီ ကျော်ကလည်း တောင်ဒဂုံ၊ စည်ပင်လမ်းမှာ(ဂိတ်ဟောင်းအနီး) Delivery ဝန်ထမ်း တဦးကို စစ်တပ်က ရမ်းကားခဲ့သလို ကုန်တင်ကား တစီး ပေါ်ကလူတွေကိုလည်း ရိုက်နှက်ခဲ့တယ်လို့ SDI ကဖော်ပြပါတယ်။