မုံရွာနဲ့ရွှေဘိုက ပြည်သူပိုင်ပစ္စည်းတွေကို အကြမ်းဖက်စစ်အုပ်စု အဓမ္မသိမ်း

၃၀၊ အောက်တိုဘာလ၊ ၂၀၂၁။

ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့မုံရွာနဲ့ရွှေဘိုမြို့က ပြည်သူပိုင်အိမ်၊ဟိုတယ်နဲ့ဆိုင် ခန်းတွေကို အကြမ်းဖက်စစ်အုပ်စုက အဓမ္မသိမ်းယူနေတယ်လို့သိရပါတယ်။

စစ်ကိုင်းတိုင်း၊မုံရွာစက်မှုဇုန်အတွင်းက နေအိမ်၂လုံးနဲ့ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့ပေါ်က ဟိုတယ်နဲ့ ဆိုင်ခန်းတချို့ကို နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းကြောင်း အနီရောင်ဗီနိုင်းတွေချိတ်ဆွဲထားတယ်လို့ ဒေသခံနွေဦးတော်လှန်ရေး စာမျက်နှာ ဘုတလင်နေ့စဉ်သတင်း ကဖော်ပြပါတယ်။

မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကို လက်ခံ၊ပုန်းရှောင်ခွင့်ပြုတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သိမ်းဆည်းတာလို့ သိ ရပါတယ်။

မုံရွာမြို့ပေါ်နေ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ‘အမှန်အကန်ကို လောဘဇောတိုက်ပြီးသိမ်းဆည်းနေ ပါတယ်။စကစ ရဲ့ရည်ရွယ်ချက်က ပြောက်ကျားတွေနဲ့ပတ်သက်ရင် ဒီလိုအသိမ်းခံရမယ်ဆိုပြီး အကြောက်တရား ပေးချင်တာ။နောက်တစ်ချက်ကတော့ နယ်မြေခံစစ်တပ်ကကောင်တွေက နိုင်ငံတော်ပိုင်ဆိုပြီးသိမ်းထားတဲ့ပစ္စည်း တွေကို နည်းနည်းကြာလာရင် သူတို့အပိုင်လုပ်ချင်တာ။တစ်ချက်ခုတ်နှစ်ချက်ပြတ်ပါ။’လို့ပြောပါတယ်။

မုံရွာနဲ့အနီးဝန်းကျင်မြို့တွေက ကျေးလက်တွေမှာတော့ အကြမ်းဖက်စစ်တပ်က ရွာထဲဝင်ပြီဆိုတာနဲ့ ပြည်သူပိုင် ပစ္စည်းတွေကို ဗြောင်လုယက်ကြတယ်လို့ သူကပြောပါတယ်။

‘အခုကျွန်တော်တို့ စစ်ကိုင်းတိုင်းအတွင်းက ကားလမ်းမဘေးရွာတွေဆို တော်တော်သတိထားနေရတယ်။စစ်ယာဉ် တန်းတွေက အချိန်မရွေးဖြတ်တယ်ဆိုတော့ ကားတွေရပ်ပြီးဆင်းလာရင် အသတ်ခံရနိုင်တယ်။အဲဒါကြောင့် ကား လမ်းဘေးရွာတွေဟာ ကိုယ့်လက်ဝတ်လက်စားကို အဆင်သင့်ထုတ်ပိုးထားတယ်။ရွာအချင်းချင်း စစ်တပ်လာရင် အပြန်အလှန်သတင်းကြိုပေးဖို့ချိတ်ဆက်ထားတယ်။စစ်တပ်လာရင်ကြိုပြေးနိုင်အောင်ပေါ့။အိမ်မှာကျန်ခဲ့တဲ့ပစ္စည်းတွေကတော့ မတတ်နိုင်ဘူး။သူတို့လုလည်းခံပဲ’လို့ သူကဆက်ပြောပါတယ်။