ရဟတ်ယာဉ် ၂၂ စင်းအသုံးပြု ဖမ်းဆီးခဲ့ရတဲ့ မူးယစ်ရာဇာ

၂၄၊ အောက်တိုဘာလ၊ ၂၀၂၁။

အိုတိုနီရယ်လို့ လူသိများတဲ့ ကိုလံဘီယာမူးယစ်ရာဇာ အူဆူဂါကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်၊ စနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ကိုလံဘီယာအစိုးရက ကြေညာလိုက်ပါတယ်။ 

အူဆူဂါဟာ ကိုလံဘီယာအစိုးရအပြင် အမေရိကန်ကလည်း အလိုရှိနေတဲ့ နာမည်ကြီး မူးယစ်ရာဇာတစ်ယောက်ဖြစ်ပြီး သူ့ကို ဖမ်းဆီးနိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းနေရတာပါ။

အူဆူဂါကို ပနားမားနယ်စပ်နဲ့ နီးနဲ့ ကိုလံဘီယာ အနောက်မြောက်ပိုင်း အန်တီယိုကီယာပြည်နယ်မှာ ဖမ်းဆီး ရမိခဲ့တာဖြစ်ပြီး အစိုးရက သတင်းကောင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။

သူ့ကို စစ်တပ်၊ လေတပ်တပ်ဖွဲ့တွေအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းပြီး စစ်ဆင်ရေးတစ်ခုအနေနဲ့ ဖမ်းဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဖမ်းဆီးလိုက်ပြီးနောက်မှာတော့ မူးယစ်ရာဇာကို အမေရိကန်ပြည်ထောင်စုကို လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ ကိုလံဘီယာအစိုးရက ထုတ်ပြန်ထားပါတယ်။ 

ဒီစစ်ဆင်ရေးအတွက် ကိုလံဘီယာအစိုးရအနေနဲ့ ရဟတ်ယာဉ် ၂၂ စင်းနဲ့ တပ်ဖွဲ့အင်အား ၅၀၀ လောက်ကို အသုံးပြုခဲ့ရတာပါ။ စစ်ဆင်ရေးမှာတော့ ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ အစောပိုင်းကတည်းက အူဆူဂါကို ဖမ်းဆီးနိုင်ခဲ့ရင် အမေရိကန် ဒေါ်လာ ၅ သန်းအထိ ပေးဖို့ ဆုငွေထုတ်ထားခဲ့တာပါ။ 

မူးယစ်ရာဇာ အူဆူဂါဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ကိုကင်း မစ်ထရစ်တန်ချိန် ၇၃ တန်ကို အမေရိကန်နိုင်ငံအတွင်းကို တင်ပို့နိုင်ခဲ့တာဖြစ်တယ်လို့ အမေရိကန်အစိုးရက စွပ်စွဲထားပါတယ်။

ကိုလံဘီယာ သမ္မတ မားကွက်ဇ်က‌တော့ “မူးယစ်ဆေးဝါးဖောက်ကားမှုတွေအတွက် အကြီးမားဆုံး ထိုးနှက်ချက်တစ်ခုပါပဲ”လို့ မူးယစ်ရာဇာကို ဖမ်းဆီးရခဲ့တဲ့အတွက် ရုပ်မြင်သံကြားကတဆင့် ချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။