၂၁၊ အောက်တိုဘာလ၊ ၂၀၂၁။
သီတင်းကျွတ်လပြည့်နေ့ညမှာ မုံရွာမြို့ပေါ်ကရဲစခန်း၂ခုနဲ့ အကောက်ခွန်ရုံးတို့ကို ဗုံးနဲ့တိုက်ခိုက်ခဲ့ရာ အစောင့်စစ်သား၂ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်း၊မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အမှတ်(၁)ရဲစခန်းနဲ့ နန္ဒဝန်ရပ်ကွက်ရှိအမှတ်(၂)ရဲစခန်းတို့ကို မုံရွာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဖြစ်တဲ့ PDF-South Monywa နဲ့ Monywa Heroes Group တို့က ဗုံးနဲ့တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အစောင့်တပ်သား၂ဦးသေဆုံးခဲ့ပါတယ်။
မုံရွာမြို့အကောက်ခွန်ရုံးကို ဖောက်ခွဲခဲ့ရာမှာတော့ အဆောက်အဦနံရံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ Monywa Heroes Group ကသတင်းထုတ်ပြန်ထားပါတယ်။
‘ညတုန်းက ပေါက်ကွဲသံခပ်ကျယ်ကျယ်ကြားရတယ်။ဘယ်နေရာဘာဖြစ်မှန်းမသိဘူး။ဒိမနက်ကျမှ ရဲစခန်း၂ခုနဲ့ အကောက်ခွန်ရုံးကွဲတာကြားရတယ်။အကောက်ခွန်ရုံးကအစောင့် ဒဏ်ရာရတယ်လို့လည်းသိရတယ်။’မုံရွာမြို့ခံ တစ်ဦးကပြောပါတယ်။
PDF-South Monywa ဟာ သီတင်းကျွတ်လပြည့်ညမှာ စစ်ဆင်ရေး၅ခုစီစဉ်ထားပေမဲ့ လက်နက်နဲ့လူအင်အားမမျှတာကြောင့် ထိပ်တိုက်မတွေ့ဆုံဘဲ နောက်ဆုတ်ခဲ့တယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ RNA ကဖော်ပြပါတယ်။