ကြော်​ငြာဆိုင်းဘုတ် အရွယ်အစားတွေ တပြေးညီ တပ်ဆင်ရတော့မယ်

“နေရင်းထိုင်ရင်း ဆိုင်းဘုတ်အသစ်က ပြန်လုပ်ရဦးမယ်။ ဆိုင်းဘုတ် လုပ်ငန်းတွေကတော့ အလုပ်ဖြစ်ဦးမယ်။ စည်ပင်နဲ့  ပေါင်းလုပ်စားတာလားတောင် ပြောရမလိုပဲ ”

၂၇၊နိုဝင်ဘာ

နံရံကပ် ကြော်ငြာဆိုင်းဘုတ်တွေကို ဒီနှစ်ကုန်ကစပြီး အရွယ်အစား တပြေးညီ ပြောင်းလဲတပ်ဆင်ရမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ(YCDC) လုပ်ငန်းရှင်တွေဆီကို အကြောင်းကြားလာပါတယ်။

“ညွှန်ကြားချက်ရှိလို့ လုပ်ရတာလို့ပဲ ပြောလို့ရတယ်။ လူကြီးတွေ စိတ်ကူးပေါက်တိုင်း လုပ်နေတာဆိုတော့ စာထုတ်ဆို၊ ထုတ်လိုက်တာပဲ ” လို့ အမည်မဖေါ်လိုတဲ့ YCDCစီမံရေးရာဌာန၊ဝန်ထမ်းတဦးက ပြောပါတယ်။

အခုထုတ်ပြန်လာတဲ့ သတ်မှတ်ချက်မှာ စည်ပင်နယ်နိမိတ်အတွင်း တပ်ဆင်ထားတဲ့ ဆိုင်းပုဒ်အားလုံးနဲ့ အကျုံးဝင်တယ်လို့လည်း သူက ပြောပါတယ်။

နံရံကပ် ကြော်ငြာဆိုင်းဘုတ်တွေကို အဆောက်အဦရဲ့ မျက်နှာစာအကျယ်အတိုင်း ဆောင်ရွက်နိုင်ပြီး အနံကိုတော့ တပြေးညီ လေးပေပဲ ခွင့်ပြုသွားတော့မှာလို့ ဆိုပါတယ်။

ဆိုင်းဘုတ် တပ်ဆင်တဲ့အခါ တခြားကြော်ငြာဘုတ်တွေနဲ့ အောက်ခြေလိုင်းညီညာအောင် ညှိနှိုင်းတပ်ဆင်ဖို့နဲ့ ပြောင်းလဲတပ်ဆင်မယ့် အရွယ်အစားအပေါ် မူတည်ပြီး ကျသင့်အခွန်ကို တွက်ချက် ကောက်ယူသွားမယ်လို့ ရေးထားပါတယ်။

အခုလို ကြော်ငြာဆိုင်းဘုတ်တပ်တာနဲ့ပတ်သက်ပြီး သတ်မှတ်ချက်ပြင်ဆင်ပြောင်းလဲလိုက်တာကြောင့်

အားလုံးပြန်လည်အသစ်တပ်ဆင်ရဖို့ရှိလာတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“နေရင်းထိုင်ရင်း ဆိုင်းဘုတ်အသစ်က ပြန်လုပ်ရဦးမယ်။ ဆိုင်းဘုတ် လုပ်ငန်းတွေကတော့ အလုပ်ဖြစ်ဦးမယ်။ စည်ပင်နဲ့  ပေါင်းလုပ်စားတာလားတောင် ပြောရမလိုပဲ ” လို့ လှိုင်မြို့နယ်မှာ အလှကုန်ဆိုင် ဖွင့်ထားသူ တဦးက မှတ်ချက်ပေးပါတယ်။

သတ်မှတ်ထားတဲ့အတိုင်း ကြေငြာဆိုင်းဘုတ် အရွယ်အစားတွေကို ဒီဇင်ဘာ ၃၁ နောက်ဆုံးထားပြီး ပြောင်းလဲတပ်ဆင်ရမယ်လို့ သိရပါတယ်။