
နိုဝင်ဘာ ၂၅။
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ထဲမှာ ငဝန်တာကျိုးကျမှုကြောင့် ရေဘေးသင့်ခဲ့ရတဲ့ ဒေသခံတောင်သူတွေကို စစ်အစိုးရက မျိုးစေ့တွေနဲ့ စက်သုံးဆီ ထောက်ပံ့ ပေးနေတယ် ဆိုပေမယ့် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လမ်းစရိတ်ဆိုပြီး ငွေတောင်းတာတွေ ရှိနေပါတယ်။
“ဧကနည်းရင် ငါးထောင်၊ များရင် တသောင်း၊ တသောင်းခွဲစီပေးရတယ်။ မျိုးစေ့ထောက်ပံတုန်းကလည်း ပိုက်ဆံ တောင်းတယ်။ ဓါတ်ဆီထောက်ပံ့တုန်းကလည်း ပိုက်ဆံတောင်းပါတယ်။ ရွာတိုင်းမှာ တောင်းတယ်ကြားတယ်။ ကျွန်တော်တို့ သိတာကတော့ ဒီမြို့နားက ရွာတွေမှာ တောင်းတာကိုပဲ သိတာ” လို့ သုံးဆက်ကျေးရွာက ဒေသခံ လယ်သမား တဦးက ပြောပါတယ်။
သုံးဆက်ကျေးရွာအုပ်စု အတွင်းရှိ ပျက်စီးသွားခဲ့တဲ့ စပါးခင်းတွေကို စစ်အစိုးရက ထွန်ယက်၊ စိုက်ပျိုးပေးခဲ့တာဖြစ်ပြီး အဲဒီအပေါ် အုပ်ချုပ်ရေး ဝန်ထမ်းတွေက ငွေတောင်းနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဧရာ၀တီတိုင်းအတွင်းက ရေကြီးမှုကြောင့် စပါးခင်းတွေ ပျက်စီးခဲ့ရတဲ့ တောင်သူတွေကို မျိုးစေ့နဲ့ စက်သုံးဆီတွေ ရွာတိုင်းစေ့ လောက်လောက်ငှငှ ထောက်ပံ့ ပေးတာမရှိသလို ထောက်ပံ့ချိန်လည်း နောက်ကျ တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“အခုထိ မျိုးစေ့မရကြတဲ့ ရွာတွေရှိတယ်။ မျိုးစေ့ရတဲ့ သူတွေကလည်း အရင်းအနှီးမရှိလို့ မထွန်ဘဲထားကြတာ အများကြီးပဲ၊ ဟန်ပြလောက်ပဲ ကူညီနေတာ” လို့ ဟင်္သာတမြို့နယ်မှ ရေဘေးကြောင့် စပါးခင်းတွေ ပျက်စီးခဲ့ရတဲ့ လယ်သမားတဦးက ပြောပါတယ်။
စစ်အစိုးရဟာ ရေဘေးသင့်လယ်သမားတွေကို တဧကအတွက် ပဲမျိုးစေ့ ၈ ပြည်၊ စက်သုံးဆီ နှစ်ဂါလံခွဲကျစီ ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။ အဲဒီပမာဏဟာ လောက်ငှမှုမရှိတာကြောင့် ဒေသခံတောင်သူတွေမှာ ဆောင်းသီးနှံထွန်ယက်နိုင်ဖို့ ငွေကြေးအရင်းအနှီး၊ မျိုးစေ့တွေ ထပ်လိုနေကြတယ်လို့ ပြောကြပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာ ငဝန်မြစ်တာဘောင်ကျိုးကျမှုကြောင့် လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော်မြို့နယ်တို့အတွင်းက စိုက်ပျိုးပြီးသား စပါးခင်းဧက ၅၇၀၀၀ ကျော်ပျက်စီးခဲ့ရသလို နေအိမ်အဆောက်အ ဦး ရာချီနဲ့ လမ်း၊ တံတားတွေလည်း ပျက်စီးခဲ့ရတာပါ။
ရေဘေးကြောင့် နေအိမ်တွေ ပျက်စီးခဲ့ရသူတွေကိုလည်း စစ်အစိုးရက ငွေကျပ်သုံးသိန်းစီသာ ထောက်ပံ့ပေးတာကြောင့် အိမ်ပြန်မဆောက်နိုင်ကြသေးဘဲ ရေဘေးရှောင် စခန်းတွေကနေ မပြန်နိုင်သေးသူတွေ ရှိနေသေးတယ်လို့ ကူညီရေးလုပ်နေသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
စစ်အစိုးရဟာ အဲဒီလို အခက်အခဲကြုံနေကြရတဲ့ ရေဘေးသင့်လယ်သမားတွေကို အတိုးမဲ့နှစ်ရှည်ချေးငွေတွေ၊ အရင်းအနှီးတွေ ထုတ်ပေးဖို့လိုတယ်လို့ ဒေသခံလယ်သမား တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြ ထာကြပါတယ်။