
“ကြာတော့ မတတ်နိုင်တော့လို့ မြေပဲပြန်ယူတော့မယ် ဆိုပြီးဖျက်တာ။ ကန်ထရိုက်လည်း ဆက်သွယ် မရတော့ဘူး ”
၂၃၊နိုဝင်ဘာ
စမ်းချောင်းမြို့နယ်မှာ ဆောက်လုပ်ဆဲ ချိတ်ပိတ်တိုက်တွေကို ကန်ထရိုက်တချို့ တာဝန်မယူပဲ တိမ်းရှောင်နေတဲ့အတွက် ငွေကြေးနစ်နာမူနဲ့ အရေးယူ ခံနေရတာကြောင့် အခက်တွေ့နေကြရတယ်လို့ မြေရှင်တွေက ပြောပါတယ်။
“ပထမတော့ စည်ပင်နဲ့ပိုင်တယ်၊ သူတို့တာဝန်ယူပေးနိုင်တယ်ဆိုပြီး ဆောက်တာ။ အရင်ကလည်း ဆောက်ခဲ့ဖူးတာတွေရှိတော့ ယုံကြည်ပြီးအပ်လိုက်တာက အခုပြဿနာတက် နေကြတယ်။ ရှောင်ပြေးတဲ့သူတွေ ပြေးကုန်ကြပြီ ” လို့ စမ်းချောင်းမြို့နယ်၊ ရပ်ကျေးအုပ်ချုပ်ရေးရုံး၊ အပိုင် ရာအိမ်မှူး တဦးက ပြောပါတယ်။
ခွင့်ပြုမိန့်မတင်ပဲ ကန်ထရိုက်တိုက် ဆောက်လုပ်တာတွေ ရှိခဲ့တာဖြစ်ပြီး တိုင်ကြားမှု ရှိတာကနေ အရေးယူတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်လာပြီးနောက် အငြင်းပွားစရာ အခြေအနေတွေ ဆိုးရွားနေတာလို့ ဆိုပါတယ်။
ဆောက်လုပ်ဆဲမှာ ချိတ်ပိတ်ခံထားရတဲ့ အဆောက်အဦတွေကို ရက်အလိုက် ဒါဏ်ကြေး ပေးသွင်းခိုင်းနေတာကြောင့် မြေရှင်တချို့ အဆောက်အဦတွေကို ပြန်ဖျက်သိမ်း ဖယ်ရှားနေရတဲ့အထိ ရှိလာတယ်လို့ မုန့်လက်ဆောင်းရပ်ကွက်မှ မြေရှင်မိသားစုဝင် တဦးက ဆိုပါတယ်။
“ကြာတော့ မတတ်နိုင်တော့လို့ မြေပဲပြန်ယူတော့မယ် ဆိုပြီးဖျက်တာ။ ကန်ထရိုက်လည်း ဆက်သွယ် မရတော့ဘူး ” လို့ ပြောပါတယ်။
စမ်းချောင်းမြို့နယ်မှာ၊ ဆောက်လုပ်ခွင့် မတင်ပဲ ဒါဏ်ကြေးနဲ့ ဆောက်နေတဲ့ ကန်ထရိုက်တိုက် အလုံး ၂၀ ထက်မနည်း ရှိပြီး ကြိုပွိုင့်ရောင်းထားတဲ့ အခန်းတွေနဲ့ ပတ်သက်လို့ ပြဿနာ ရှုပ်ထွေးတာမျိုးလည်း ရှိနေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။