
တရားမဝင် မူးယစ်ဆေးဝါး ပပျောက်ရေး ရက် ၉၀ စီမံချက်ကိုလည်း ဆောင်ရွက်နေတာကြောင့် မူးယစ်ဆေးအမြောက်အမြားနဲ့ သံသယရှိသူ အများအပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြောပါတယ်။
၂၄ ၊ ဩဂုတ်
ထိုင်းနိုင်ငံ တောင်ပိုင်းအစွန်ဆုံး ခရိုင်သုံးခုမှာ ပြီးခဲ့တဲ့စနေ၊ တနင်္ဂနွေက ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေဟာ တရားမဝင် ကွန်ရက်တွေကို အာဏာပိုင်တွေက ဆက်တိုက်နှိမ်နင်းခဲ့တာကြောင့် အကျိုးအမြတ် ထိခိုက်သွားသူတွေရဲ့ လက်စားချေမှု ဖြစ်ပုံရတယ်လို့ တောင်ပိုင်း စစ်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး နိုရာသစ် ပိုယာနော့က ပြောပါတယ်။
ဒေသ ၄ ၊ ပြည်တွင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး စစ်ဆင်ရေးဌာနချုပ် (ISOC) ညွှန်ကြားရေးမှူးလည်းဖြစ်သူ နိုရာသစ်က အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့လကုန်ကတည်းက တောင်ပိုင်းနယ်စပ်ခရိုင်တွေအတွင်း ပိတ်ဆို့ရှာဖွေတာတွေနဲ့ သောင်းကျန်းသူအုပ်စုတွေကို ဖိအားပေးတာတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် တရားမဝင် မူးယစ်ဆေးဝါး ပပျောက်ရေး ရက် ၉၀ စီမံချက်ကိုလည်း ဆောင်ရွက်နေတာကြောင့် မူးယစ်ဆေးအမြောက်အမြားနဲ့ သံသယရှိသူ အများအပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြောပါတယ်။
ဩဂုတ်လလယ်ပိုင်းတုန်းက ပတ္တာနီခရိုင်၊ ယာရင်မြို့နယ်မှာ မှောင်ခို ကွန်ရက်အဖွဲ့ဝင်တွေကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး တရားမဝင် တင်သွင်းလာတဲ့ ဆေးလိပ် အလိပ် ၂ သန်းကျော်နဲ့ ငွေသား ဘတ် ၁၈ သန်းနီးပါးကို သိမ်းဆည်းရမိခဲ့ပါတယ်။
“တရားမဝင် စီးပွားရေးတွေကို အကြီးအကျယ် နှိမ်နင်းခဲ့တာကြောင့် ဘဏ္ဍာရေးအရ ဆုံးရှုံးသွားတဲ့သူတွေက အစိုးရအာဏာပိုင်တွေကို ပြန်ပြီး လက်စားချေချင်တာ ဖြစ်နိုင်တယ်” လို့ သူက ပြောပါတယ်။ ဒီလို တရားမဝင် လုပ်ငန်းတွေဟာ တောင်ပိုင်းက မငြိမ်မသက်မှုကို ဖန်တီးနေတဲ့ အုပ်စုတွေအတွက် ရန်ပုံငွေ ရရှိရာနေရာဖြစ်သလို သူတို့က ဆက်ကြေးလည်း ကောက်ခံကြတယ်လို့ ဆိုပါတယ်။ နှိမ်နင်းမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သူက ပြောပါတယ်။
တောင်ပိုင်းအစွန်ဆုံးဒေသက သောင်းကျန်းသူတွေဟာ အစိုးရအရာရှိတွေ ဒေသတွင်းကို မလာရောက်မီ အချိန်တွေအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရပိုင် အဆောက်အအုံတွေကို မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့လကလည်း နရာသီဝတ်ခရိုင်က စစ်ဆေးရေးဂိတ်တစ်ခုမှာ သေနတ်နဲ့ပစ်၊ ဗုံးနဲ့ခွဲ တိုက်ခိုက်မှုကြောင့် စစ်သားငါးဦး သေဆုံးခဲ့ပါတယ်။
Ref – Thai PBS
#ထိုင်းတောင်ပိုင်း #မငြိမ်မသက် #တရားမဝင်ကွန်ရက် #နှိမ်နင်း
#DeltaNewsAgency #DNA
#နိုင်ငံတကာသတင်း