
“ဒါဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေဟာ အခဲပုံစံကနေ အရည်ပုံစံကို ပြောင်းလဲလာပြီး Vape အီးစီးကရက်တွေကနေတစ်ဆင့် ပြည်သူတွေရဲ့ လူနေမှုဘဝထဲကို ထိုးဖောက်ဝင်ရောက်လာနေတယ်ဆိုတာ ပြသနေတဲ့ ခိုင်လုံတဲ့ အထောက်အထားပဲ”
၂၁ ၊ ဩဂုတ်
တန်ဇန်းနီးယား အလံလွှင့်တင်ထားတဲ့ သင်္ဘောတစီးပေါ်ကနေ မက်သာဖက်တမင်းအရည် ၂.၆ မက်ထရစ်တန် ပါဝင်တဲ့ မူးယစ်ဆေးဝါးအမြောက်အမြားဖမ်းဆီးရမိပြီးနောက် အင်ဒိုနီးရှားအာဏာပိုင်တွေဟာ မြန်မာနိုင်ငံသား ၁၀ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီမူးယစ်ဆေးတွေကို သင်္ဘောပေါ်က ကွန်တိန်နာပေါ်မှာ ဝှက်ထားတဲ့ ရေတိုင်ကီတလုံးနဲ့ လီတာ ၂၀၀ ဆံ့ စီပါပုံး ၈ ပုံးထဲမှာ တွေ့ရှိခဲ့တာလို့ အင်ဒိုနီးရှား အမျိုးသားမူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ အကြီးအကဲ ဆူယာဒီ အာရီယို ဆီတို က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ မူးယစ်ဆေးဝါးဥပဒေ အရမ်းတင်းကျပ်ပြီး အချို့သော ပြစ်မှုတွေအတွက် သေဒဏ်အထိ ပြစ်ဒဏ်ပေးလေ့ရှိပါတယ်။
“ဒါဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေဟာ အခဲပုံစံကနေ အရည်ပုံစံကို ပြောင်းလဲလာပြီး Vape အီးစီးကရက်တွေကနေတစ်ဆင့် ပြည်သူတွေရဲ့ လူနေမှုဘဝထဲကို ထိုးဖောက်ဝင်ရောက်လာနေတယ်ဆိုတာ ပြသနေတဲ့ ခိုင်လုံတဲ့ အထောက်အထားပဲ” လို့ ဆီတိုက ပြောပြီး Vape တွေကို လုံးဝပိတ်ပင်ဖို့ တောင်းဆိုခဲ့ပါတယ်။
ရဲတပ်ဖွဲ့နဲ့ အကောက်ခွန်တို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့က စုံစမ်းစစ်ဆေးခဲ့တဲ့ သတင်းအချက်အလက်ပေါ် အခြေခံထားတာဖြစ်ပြီး၊ အဆိုပါသင်္ဘောဟာ သူ့ရဲ့အထောက်အထားတွေကို မကြာခဏ ပြောင်းလဲနေတာကြောင့် သံသယဝင်ခဲ့ကြတာပါ။
နောက်ဆုံးမှာတော့ အင်ဒိုနီးရှားအနောက်ပိုင်း Riau ကျွန်းစု ရေပြင်ကို ဖြတ်သန်းစဉ် သြဂုတ် ၁၇ ရက် တနင်္လာနေ့မှာ တားဆီးဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
အခုဖမ်းဆီးရမိတဲ့ အဖွဲ့ဟာ ဒီလအစောပိုင်းက Riau ရေပြင်မှာပဲ ကက်တမင်း ၁.၃ တန် တင်ဆောင်လာတဲ့ သင်္ဘောတစ်စီးကို ဖမ်းဆီးခဲ့မှုနဲ့ ဆက်စပ်မှုရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီသင်္ဘောပေါ်က သင်္ဘောသား အများစုဟာလည်း မြန်မာနိုင်ငံသားတွေ ဖြစ်ကြပါတယ်။
Ref – Reuters
#အင်ဒိုနီးရှား #မြန်မာနိုင်ငံသား #ဖမ်းဆီးခံရ #မူးယစ်ဆေးဝါး
#DeltaNewsAgency #DNA
#နိုင်ငံတကာသတင်း