
စစ်တပ်ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူတွေဟာ ဧရာ၀တီတိုင်း ရေကြည်နဲ့ လေးမျက်နှာမြို့နယ်အစပ်ရှိ ချင်းကုန်းနဲ့ လှဲခုံကြီးကျေးရွာတွေက ကလေးငယ်တဦးအပါအဝင် ငါးဦးနဲ့ ညောင်ချောင်းကျေးရွာမှ အမျိုးသမီး၊ သက်ကြီးပိုင်းအပါအဝင် သုံးဦးတို့ဖြစ်ကြပါတယ်။
၂၁၊ ဩဂုတ်။
ဧရာ၀တီတိုင်းနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ညောင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ် က ဒီနေ့မနက် ၅ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာတစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းမှာ ခိုလှုံနေကြတဲ့ ဧရာ၀တီတိုင်းမှ စစ်ဘေးရှောင်ငါးဦးနဲ့ ရွာခံ သုံး ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။
“ဧရာ၀တီဘက်က ရောက်နေတဲ့စစ်ရှောင်တွေ စစ်သင်ကျောင်းမှာ နေကြတာ။ စာသင်ကျောင်းတည့်တည့်နဲ့ ရွာထဲ က အိမ်တွေကိုကျတယ်။ အိမ်တွေလည်း သုံး၊ လေးလုံး ပျက်သွားတယ်။ ဒဏ်ရာရတာမှာ ကလေးတွေပါတယ်” လို့ ဂွဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူတွေဟာ ဧရာ၀တီတိုင်း ရေကြည်နဲ့ လေးမျက်နှာမြို့နယ်အစပ်ရှိ ချင်းကုန်းနဲ့ လှဲခုံကြီးကျေးရွာတွေက ကလေးငယ်တဦးအပါအဝင် ငါးဦးနဲ့ ညောင်ချောင်းကျေးရွာမှ အမျိုးသမီး၊ သက်ကြီးပိုင်းအပါအဝင် သုံးဦးတို့ဖြစ်ကြပါတယ်။
ရခိုင်ရိုးမ တောင်ခြေတလျှောက် ဧရာ၀တီတိုင်းအတွင်းက တပ်စခန်းတွေအနီးမှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဟာ ရခိုင်ပြည်နယ်တောင်ပိုင်း အစွန်ဆုံးဂွနဲ့ သံတွဲမြို့နယ်တို့ကို လေကြောင်းဗုံးကြဲတာတွေ မကြာခဏလုပ်နေတာ ဖြစ်ပါတယ်။
စစ်တပ်ဟာ ဂွ၊ သံတွဲမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်တာ၊ ပင်လယ်ပြင်ကနေ လက်နက်ကြီးပစ်ခတ်တာ တွေကို ရက်ဆက် လုပ်နေပြီး အရပ်သား ထိခိုက်သေဆုံးမှုဟာလည်း ဆယ်ချီရှိခဲ့ပြီဖြစ်ပါတယ်။ ဂွမြို့နယ်အပြင် ဂွကမ်းခြေ နဲ့ ဆက်စပ်နေတဲ့ ဧရာ၀တီတိုင်း ဘောမိကမ်းခြေ၊ ရေကြည်မြို့နယ်တို့ကိုလည်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ် ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဧရာ၀တီတိုင်းကနေ ရိုးမအတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်းဘက်ဆီ တန်ပြန်ထိုးစစ်ဆင်ဖို့ အင်အားအ လုံးအရင်းနဲ့ စစ်ကြောင်းထိုးနေခဲ့ပေမယ့် စစ်တပ်အနေနဲ့ ရှေ့မရောက်ဘဲ နဂိုရှိတဲ့ တပ်စခန်းတွေပါ သိမ်းပိုက်ခံနေရတာကြောင့် ပင် လယ်ပြင်ကနေ တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားတာဖြစ်တယ်လို့ စစ်ရေးနီးစပ်သူတွေက ပြောကြပါတယ်။
“ကမ်းတက်ဖို့ ကြိုးစားတာက ကြာပြီ။ နွေရာသီလောက်ကတည်းက ရခိုင်တောင်ပိုင်း ကမ်းခြေတလျှောက်မှာ နေဗီတွေ နေရာယူထားတာ။ တချိန်တည်းမှာ ကမ်းခြေတလျှောက်မှာရှိတဲ့ ရွာတွေကို လိုက်ပြီးတော့ ဖျက်ဆီးနေတာ တွေ့ရတယ်။ AA က ကမ်းခြေစောင့်တပ်တွေ ချမထားနိုင်အောင်ပေ့ါ” လို့ ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးက ပြောထားပါတယ်။
ဧရာ၀တီ တိုင်း ရွှေသောင်ယံ၊ ဘောမိကမ်းခြေနဲ့ ရခိုင်ပြည်နယ် ဂွကမ်းခြေတလျှောက် စစ်ရေယာဉ်တွေ တိုးချထားပြီး ကမ်း ခြေအနီးပတ်လည် လူနေကျေးရွာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ ခြိမ်းခြောက် ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်နေတာပါ။
ဒါ့အပြင် စစ်တပ်ဟာ ဧရာဝတီတိုင်းအတွင်းမှာ ရွှေသောင်ယံက ပြည်သူ့စစ်တွေကိုလည်း လက်နက်တွေနဲ့ စစ်ဝတ်စုံတွေ တပ်ဆင်ပေးထားသလို ရေကြည်၊ သာပေါင်း၊ လေးမျက်နှာ မြို့နယ်တွေကနေ တဆင့် ရခိုင်ပြည်နယ် တောင်ပိုင်း ဘက်ဆီ စစ်ကြောင်းထိုးဖို့၊ လက်လွှတ်ထားရတဲ့နေရာတွေ ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ပုံစာ – ဂွမြို့နယ် တနေရာ
#ရခိုင် #ဂွ #ဧရာဝတီ #စစ်ရှောင် #စစ်တပ် #ဗုံးကြဲ
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ