ဧရာဝတီက ရေဘေးသင့်သူတွေ ဘာတွေအရေးပေါ်လိုအပ်နေလဲ

“အစပိုင်းမှာတော့ ကျန်းမာရေးဌာနက လာတယ်။ အခုနောက်ပိုင်း မရောက်တော့ဘူး။ မရောက်တာ ကြာပြီ။ အ လှူရှင်တွေထဲမှာလည်း ဆေးလှူတဲ့သူ ရှားတယ်။ ရိက္ခာတွေပဲ အဓိကလာလှူကြတယ်”

၂၀၊ ဩဂုတ်။

ဟင်္သာတခရိုင်၊လေးမျက်နှာမြို့ မြစ်ကျိုးရွာ အနီးမှာ ငဝန်မြစ် ပန်းတာကျိုးပေါက်ခဲ့ပြီး ရေဘေးသင့်နေတဲ့ လေးမျက်နှာ၊အိုင်သပြု၊ရေကြည်၊ကျုံပျော်၊ငါးသိုင်းချောင်း မြိုပေါ်တွေနဲ့ ကျေးရွာတွေမှာ ဘာတွေ အဓိက လိုအပ်နေပါသလဲ။

အိုင်သပြုဒေသခံလည်းဖြစ် အနီးဝန်းကျင်တွေမှာ ရေဘေးသင့်သူတွေကို ဦးဆောင်ကူညီနေသူ တဦးလည်းဖြစ်တဲ့ ကိုဝင်းခိုင်စိုးကတော့ ဆန်၊ဆီ၊ဆားက လှူဒါန်းထားတဲ့အတွက် တလစာ နှစ်လစာ စားလို့ရပေမယ့် အဓိက ဆေးဝါး၊လှေနဲ့ လောင်စာမီးဖိုတွေ လိုနေတယ်လို့ ပြောပါတယ်။

“ကျန်းမာရေးအတွက် ဆေးလိုတယ်။ ဝမ်းပျက်ဝမ်းလျှောအတွက်လိုတယ်၊ ဖျားနာခေါင်းကိုက်ဆေးလိုတယ်။ ဒါ ပထမဦးဆုံး အချက်။ ဒုတိယအချက်က ငွေလိုတယ်။ နေမကောင်းရင် ဆေးထိုးရမယ့် အနေအထားတွေက ရှိတယ်” လို့ မြို့ရွာတွေ ရေနစ်မြုပ်တာ ရက် ၂၀ ကျော် ကြာလာတဲ့အခါမှာ ဝမ်းရောဂါ ဖြစ်ပွားသူတွေနဲ့ ဖျားနာသူတွေလည်း ရှိလာနေတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် တနေရာကနေ တနေရာသွားလာဖို့ လှေတွေ လိုအပ်ပြီး အဆက်အသွယ်မပြတ်စေရေး ဖုန်းအားဖြည့်ဖို့နဲ့ မီးထွန်းဖို့ ဆိုလာ၊ ဘတ္တရီတွေလည်း လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။

“ဖုန်းအား အားသွင်းဖို့ လုံးဝ မရှိတဲ့အတွက် မီးထွန်းဖို့ ဆိုလာလေးနဲ့ ဖုန်းအားသွင်းမယ့်ဟာမျိုး လိုတယ်။ အဓိကလို အပ်တာက ထင်းမရှိတော့ ထင်းတွေမြုပ်တော့ လောင်စာတောက် မီးဖိုမျိုးလေးတွေ လိုတယ်။ မီးထွန်းဖို့ မီးသီး လေးတွေ၊ မီးထွန်းပြီးတော့ ဖုန်းအားသွင်းလို့ရတဲ့ ဟာမျိုးလေးတွေ ရေဘေးစခန်းတခုကို သုံးလေးခုလောက် ပို့ထား လိုက်တယ်ဆိုလို့ရှိရင် ဆက်သွယ်ရေးကွန်ရက်တွေ အကုန်ရပြီးတော့ အဆင်ပြေမယ်” လို့ ဆိုပါ တယ်။

လက်ရှိမှာ ရေဘေးဒဏ်ခံနေရတာ သုံးပတ်ကြာရှိသွားပြီဖြစ်တဲ့ အိုင်သပြု၊ လေးမျက်နှာမြို့နဲ့ အနီးဝန်းကျင် ကျေးရွာအချို့မှာ ဝမ်းရောဂါဖြစ်ပွားတာတွေ စရှိနေပြီး စစ်အစိုးရရဲ့ ကျန်းမာရေးဌာနကလည်း လာရောက်ကုသပေးတာ မျိုးမရှိတော့ဘူးလို့ ဆိုပါတယ်။

“အစပိုင်းမှာတော့ ကျန်းမာရေးဌာနက လာတယ်။ အခုနောက်ပိုင်း မရောက်တော့ဘူး။ မရောက်တာ ကြာပြီ။ အ လှူရှင်တွေထဲမှာလည်း ဆေးလှူတဲ့သူ ရှားတယ်။ ရိက္ခာတွေပဲ အဓိကလာလှူကြတယ်” လို့ လေးမျက်နှာမြို့နယ် မှာ ရေဘေးကူညီနေသူတဦးက ပြောပါတယ်။

ငသိုင်းချောင်း၊ ရေကြည်မြို့နယ်ဘက်မှာ ရေဘေးကူညီပေးနေသူတဦးကတော့ ရေဘေးသင့်ပြည်သူတွေအတွက် ရိက္ခာခြောက်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“ဆန်တွေကတော့ အထိုက်အလျောက် ရောက်တယ်။ ထမင်းနဲ့ စားဖို့ ငါးခြောက်ကြော်တို့၊ ငါးပိကြော်တို့ လှူ မယ်ဆိုရင် ပိုကောင်းတယ်။ ပြီးရင် အရေးပေါ်ရွှေ့ရတဲ့သူတွေအတွက် အဆာပြေအရေးပေါ်စားလို့ရမယ့်ဟာမျိုး တွေ လိုပါတယ်” လို့ သူက ပြောပါတယ်။

ကိုယ်တိုင်ရေဘေးသင့်နေတဲ့ ငသိုင်းချောင်းမြို့ခံတဦးကတော့ လှေ၊ ဖောင်တွေ လိုအပ်တယ်လို့ ဆိုပါတယ်။ “လှေ မရှိရင် ခြေထောက်ပြတ်နေသလိုပဲ၊ ဥပမာ နေမကောင်းလို့ ဆေးသွားဝယ်ဖို့တို့၊ ရေသွားယူဖို့တို့ လှေမရှိရင် မရဘူး” လို့ ဆိုပါတယ်။

လက်ရှိမှာ ငဝန်မြစ်ရေဟာ ဆက်လက်မြင့်တက်နေပြီး ငသိုင်းချောင်းမြို့ပေါ်နဲ့ အနီးတဝိုက်ကျေးရွာတွေ၊ ဟင်္သာတ မြို့နယ်အတွင်းက ကျေးရွာတွေမှာ ရေဆက်တိုက် တက်နေကာ ရေဘေးရှောင်စခန်းအချို့ပါ ရွှေ့ပြောင်းရတာတွေ ရှိနေပါတယ်။

“ရေကတော့ တောက်လျှောက်တက်နေသလားမမေးနဲ့ ၊ ခမောက်စုကို တဖြေးဖြေးနဲ့ ကျော်လာပြီ။ ခမောက်စုနဲ့ ယုန်သလင်းကြားက အိုင်ဒိုတံတား စိုးရိမ်ရတယ်။ အဲဒီတံတားကို ကျော်ရင်တော့ တော်တော်စိုးရိမ်ရတယ်” လို့ ခမောက်စုဒေသခံတဦးက ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်ကးမှာ ငဝန်မြစ်ရေအပြင် ဧရာ၀တီမြစ်ရေ၊ တိုးမြစ်ရေနဲ့ ဒါးကမြစ်ရေတို့ဟာလည်း စိုးရိမ်ရေ မှတ်ထက် ကျော်လွန်နေပြီး ဟင်္သာတ၊ မြန်အောင်၊ ဇလွန်၊ ကျောင်းကုန်း၊ မအူပင်စတဲ့ မြို့နယ်တွေက အချို့နေရာ တွေမှာလည်း ရေဘေးကြုံနေကြရပါတယ်။

#ရေဘေး #ဧရာဝတီ #ဘာတွေလိုအပ်နေလဲ #အရေးပေါ်
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ