
ရေကြီးပြီးစပါးခင်းဧက သောင်းချီ ရေနစ်မြုပ်နေတဲ့နောက်ဆက်တွဲ ဆန်စျေးတွေ တက်လာချိန် ပြည်သူတွေ သင့်တင့်တဲ့ စျေးနှုန်းနဲ့ ဝယ်ယူစားသောက်နိုင်ရေးအတွက် စျေးတင်မရောင်းကြဖို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က မေတ္တာရပ်ခံလိုက်ပါတယ်။
၂၀၊ ဩဂုတ်။
လက်ရှိမှာ ရေကြီးမှုဒဏ် အဓိကကြုံနေရတဲ့ ဧရာဝတီတိုင်းအတွင်းမှာ ဆန်တအိတ်ကို ကျပ်တသောင်းကနေ သုံးသောင်းနီးပါးထိ စျေးတက်နေတာပါ။
အဲဒီလို အခြေအနေမှာ ဆန်စက်တွေ၊ ကုမ္ပဏီတွေ၊ ဆန်ကုန်သည်၊ ပွဲရုံတွေ၊ လက်လီလက်ကား ဆန်အရောင်းဆိုင်တွေအနေနဲ့ ပြည်သူလူထုတရပ်လုံး သက်သာတဲ့စျေးနဲ့ ဝယ်စားနိုင်ရေး သက်ဆိုင်ရာ ဒေသအသီးသီးမှာ ပစ္စည်းမှန်၊ စျေးနှုန်းမှန်၊ အရည်အသွေးမှန်စွာနဲ့ ရောင်းပေးဖို့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
အချို့ရောင်းချသူတွေဟာ ရေကြီးမှုကို အကြောင်းပြုပြီး စားသုံသူပြည်သူတွေ စိုးရိမ်ပူပန်မှုတွေ ဖြစ်စေဖို့နဲ့ စျေးနှုန်းမြင့်တင်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတာကို ကြားသိရတယ်လို့ ဆန်းစပါးအသင်းချုပ်က ဆိုပါတယ်။
အဲဒီလို ဆန်စပါးစျေးကွက်နဲ့ ဆန်စပါးလုပ်ငန်းရဲ့ သဘောသဘာဝကို သိရှိပေမယ့် မိမိ သိုလှောင်ထားမှုအပေါ် သင့် တင့်မျှတာထက်များစွာ မြင့်တင်ထားတဲ့ စျေးနှုန်းတွေနဲ့ ရောင်းပေးတာကို မပြုလုပ်ဖို့နဲ့ သိုလှောင်၊ စျေးနှုန်းမြင့်တင် ဆောင်ရွက်မှုတွေ မလုပ်ဖို့ ဝိုင်းဝန်းသတိပေးတားမြစ်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း အရင်က ၁၉၀,၀၀၀ ဝန်းကျင်ရှိခဲ့တဲ့ ရေကြည်ပေါ်ဆန်းဟာ အခုအခါ ၂၁၀,၀၀၀ ဝန်းကျင် ၊ အရင် ၁၆၀,၀၀၀ ဝန်းကျင်ရှိခဲ့တဲ့ ဧရာ၀တီပေါ်ဆန်းဟာ ၁၈၀,၀၀၀ ဝန်းကျင်၊ ၆၀,၀၀၀ ကျော်ရှိခဲ့တဲ့ မနော သုခဟာ ၇၀,၀၀၀ ဝန်းကျင်၊ အရင် ၆၀,၀၀၀ ကျော်ရှိခဲ့တဲ့ အညာသားဆန်ဟာအခုအခါ ၁၀၀,၀၀၀ ဝန်းကျင်နဲ့ ၈၀,၀၀၀ ဝန်းကျင်ရှိခဲ့တဲ့ ဆင်းသုခ၊ ရက်၉၀ တို့ဟာ အခုအခါ ၁၀၀,၀၀၀ ဝန်းကျင် စျေးရှိနေပါတယ်။
ရေကြီးပြီး နောက်ပိုင်းမှာလည်း ဆန်စျေးဟာ ထပ်တက်နိုင်တာမို့ ဆန်စျေးမတက်အောင် ဆန်စပါးအသင်းချုပ်က တိုက်တွန်းသလို အစိုးရအနေနဲ့ ကြပ်မတ်ပေးဖို့လည်း လိုအပ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“အသင်းချုပ်တခုတည်းက လုပ်လို့မရဘူး။ စီးပွားရေးသမားတွေကတော့ ဘယ်လို ဖြစ်ဖြစ် စျေးတင်ရောင်းကြမှာပဲ၊ အခုလည်း တင်ရောင်းနေကြတာ အပြိုင်အဆိုင်ပဲ။ ဒါကို အစိုးရက သေချာကြပ်မတ်ဖို့ လိုတယ်။ မဟုတ်ရင် ဆန် စျေးက ဘယ်လိုမှ မကျနိုင်ဘူး” လို့ ဧရာ၀တီတိုင်း လေးမျက်နှာဒေသခံတဦးက ပြောပါတယ်။
စပါးအဓိကထွက်တဲ့ ဧရာ၀တီတိုင်းမှာ ငဝန်မြစ်တာဘောင် ကျိုးသွားခဲ့တာကြောင့် လေးမျက်နှာ၊ ရေကြည်၊ ကျုံပျော်၊ ဟင်္သာတမြို့နယ်တို့မှာ ရေကြီးနေတာဖြစ်ပြီး စိုက်ပျိုးပြီးသားစပါးခင်း ဧကသောင်းချီ ရေနစ်မြုပ်နေကာ အဲဒီ စပါးခင်းတွေ ပျက်စီးသွားနိုင်တယ်လို့ ဒေသခံတွေက လယ်သမားတွေက ပြောကြပါတယ်။
“ဆန်စျေးတက်တာကို မထိန်းရင် စပါးစိုက်တဲ့လယ်သမားတွေ ဒုက္ခတော်တော် ရောက်ကြမှာ။ ကိုယ်စိုက်တဲ့ ဆန်ကို စျေးကြီးပေး ဝယ်စားရမှာ။ စပါးခင်းတွေ အကုန် ပျက်တော့မယ်။ ပုပ်နေကြပြီ” လို့ လေးမျက်နှာမြို့နယ် အိုင်သပြုမှ လယ်သမားတဦးက ပြောထားပါတယ်။
လယ်ယာလုပ်ငန်းနဲ့ အဓိကသက်မွေးကြတဲ့ ဧရာ၀တီတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ မိုးစပါး၊ နွေစပါးပေါ်ချိန်တွေတုန်းက စပါးတွေ ထိုးကျနေခဲ့ပြီး မိုးဦးကာလမှာ စပါးစျေးပြန်တက်လာခဲ့တာပါ။ အဲဒီလို စပါးစျေး ဦးမော့လာချိန် ရေဘေး ကြောင့် စပါးခင်းဧက သောင်းချီ ပျက်စီးရမယ့် အခြေအနေနဲ့ ကြုံနေရတာပါ။
ဧရာ၀တီတိုင်းစစ်အစိုးရအဖွဲ့ကတော့ လေးမျက်နှာမြို့နယ်အတွင်းက စပါးခင်းတွေ ပျက်စီးသွားခဲ့ရင်လည်း ဒေသတွင်း ဆန်စပါးဖူလုံရေးနဲ့ လိုအပ်ချက်တွေအတွက် စိုးရိမ်ပူပန်စရာ လုံး၀မရှိကြောင်း ဆိုထားပါတယ်။
ဒါ့အပြင် ရေဘေးသင့်ခဲ့တဲ့ အစိတ်အပိုင်း အနည်းငယ်အတွက်လည်း ပျိုးပင်နဲ့ သီးနှံအစားထိုး စိုက်ပျိုးနိုင်မယ့် အစီအစဉ်တွေ ကြိုတင်ပြင်ဆင်ထားပြီလို့ ဆိုပေမယ့် မြေပြင်မှာတော့ လယ်သမားတွေဟာ အခုချိန်ထိ အကူအညီတ စုံတရာ မရကြသေးဘူးလို့ ပြောကြပါတယ်။
ငဝန်မြစ်တာဘောင် ကျိုးကျမှုကြောင့် ရေကြီးနေတာဟာ ဒီနေနဲ့ဆိုရင် ၂၁ ရက်ရှိပြီဖြစ်ပြီး ရေဆက်တက်နေကာ ရေသင့်ပြည်သူနဲ့ ရေနစ်မြုပ်စပါးခင်းဧကတွေ ဆက်တိုက် တိုးလာနေတာ ဖြစ်ပါတယ်။
အခုရေကြီးနေတာဟာ လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်နိမ့်ဆင်း၊ ရေစိမ့်ရာကနေ ထိန်းမနိုင်တဲ့ထိ ကျိုးပေါက်သွားတာကြောင့် ဖြစ်ပါတယ်။
အဲဒီတာဘောင်ဟာ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃နာရီ ကျော်လောက်က စပြီး အလျား ၃၀ ပေ၊ အနံ ၅ ပေလောက် တာဘောင်နိမ့်ဆင်း၊ ရေစိမ့်နေခဲ့တာဖြစ်ကာ အခုအခါမှာတော့ တာ ဘောင်အပေါက်ဟာ ပေ ၂၉၀ လောက်ထိ ကျယ်သွားခဲ့ပြီဖြစ်ပါတယ်။
အဲဒီတာဘောင်ကို မပိတ်နိုင်သရွေ့ ရေဟာ ကာလရှည်ကြာကြီးနေနိုင်တာကြောင့် အခုရေဘေးကို အစိုးရအနေနဲ့ အထူးစီမံချက်ချမှတ်ကာ ဆောင်ရွက်ဖို့လိုတယ်လို့ ကူညီပေးနေသူတွေက ပြောထားကြပါတယ်။ လက်ရှိမှာ တာ ဘောင်ပေါက်ကို ပိတ်နိုင်ရေး နိုင်ငံတော်အဆင့်အစီအမံနဲ့ ဆောင်ရွက်နေပေမယ့် ကြန့်ကြာမှုတွေ ရှိနေပါတယ်။
#ရေကြီး #ဆန်ဈေး #ဆန်စပါးအသင်းချုပ် #မေတ္တာရပ်ခံ
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ