
“အလုပ်ရှင်တွေဖက် ကြည့်ပြီး အလုပ်သမားတွေ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ သဘောလုပ်တာ။ အချိန်ပိုမ တရားခေါ်တာကို မထိန်းပဲ အားပေးအားမြောက် လုပ်တာ”
၁၉၊ဩဂုတ်
စက်မှုလုပ်ငန်းတွေရဲ့ ညပိုင်းလျှပ်စစ်သုံးစွဲခကို လျှော့ချပေးလိုက်တဲ့အတွက် အလုပ်ချိန်ပြောင်းလဲလာနိုင်ခြေ ရှိနေပါတယ်။
စစ်အစိုးရက စက်မှုလုပ်ငန်းတွေဆီက လျှပ်စစ်သုံးစွဲခ တယူနစ် ၉၀၀ ကျပ် ကောက်ခံနေတာကို အခုနောက်ပိုင်း ည ၁၁ နာရီကနေ မနက် ၅ နာရီအထိ အသုံးပြုခ တယူနစ် ၆၀၀ ကျပ်ပဲ ပေးဆောင်ဖို့ ပြင်ဆင် သတ်မှတ်ထားပြီး နောက်ပိုင်းမှာ အခုလို စိုးရိမ်မှုတွေ ရှိလာတာပါ။
အဲဒီလို ညပိုင်းလျှပ်စစ်မီးသုံးစွဲခ လျှော့ချလိုက်တဲ့အတွက် ကုန်ကျမှု သက်သာအောင် ညပိုင်းလုပ်ငန်းလည်ပတ်တာတွေ လုပ်လာမှာ စိုးရိမ်နေကြတာလို့ ရွှေပြည်သာမြို့နယ်မှ အထည်ချုပ် လုပ်သားတဦးက ဆိုပါတယ်။
“အခုတောင် လုပ်ငန်းလိုအပ်ချက် ရှိလို့ဆိုပြီး ညဆိုင်းတွေ ခေါ်နေတာ။ မီတာခ လျှော့လိုက်တော့ ပိုလုပ်လာမယ် ထင်တယ် ” လို့ သူကပြောပါတယ်။
ရန်ကုန်မြို့က စက်ရုံတွေမှာ ညလုံးပေါက် အချိန်ပို မတန်တဆ ခေါ်ယူစေခိုင်းတာတွေ ရှိနေတာကြောင့် ဝေဖန်မှု မြင့်တက်နေချိန်မှာ စစ်အစိုးရက ညပိုင်း လုပ်ငန်းလည်ပတ်နိုင်ဖို့ အတွက်ဆိုပြီး မီးသုံးစွဲခ လျှော့ချလိုက်တာ ဖြစ်ပါတယ်။
ဒီလို လျှော့လိုက်တာက အလုပ်သမားတွေကို ပိုပင်ပန်း အခက်တွေ့အောင် ရည်ရွယ်တဲ့ သဘောသက်ရောက်တယ်လို့ ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတဦးက ဆိုပါတယ်။
“အလုပ်ရှင်တွေဖက် ကြည့်ပြီး အလုပ်သမားတွေ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ သဘောလုပ်တာ။ အချိန်ပိုမ တရားခေါ်တာကို မထိန်းပဲ အားပေးအားမြောက် လုပ်တာ”လို့ ပြောပါတယ်။
စစ်အစိုးရက အခုနှစ်ဆန်းကစပြီး သဘာဝဓာတ်ငွေ့သုံး ဓာတ်အားလိုင်းကနေ စက်ရုံ၊အလုပ်ရုံနဲ့ အထူးစီးပွားရေး ဇုန်တွေကို တယူနစ် ၉၀၀ ကျပ်နဲ့ ၂၄ နာရီ မီးပေးနေတာဖြစ်ပါတယ်။
#ရန်ကုန် #စက်ရုံ #မီတာခ #ညဆိုင်းတာဝန်
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ