ကညင်ဆည်တာဝန်ခံ ဦးစီးအရာရှိ ဦးသက်ဇော်ရှိန်နဲ့ အင်တာဗျူး

ဆည်တမံတွေကနေပြီးတော့မှ ကန်ရေပြည့် ရေသိုလှောင်ထားရှိပြီးတော့မှ ပိုလျှံလာတဲ့ရေတွေကို Spillway ကနေပြီးမှ မူလချောင်းအတွင်းထဲကို ရေကျော်စီးဆင်းစေတာကတော့ ပုံမှန်ပါပဲပေါ့နော်၊ ပုံမှန်ဖြစ်စဉ်ပါပဲ။

၁၉၊ဩဂုတ်

ဧရာဝတီတိုင်းအတွင်း ဇူလိုင်၊ဩဂုတ်လတွေမှာ မိုးရွာသွန်းချိန်များခဲ့သလို မကြာမီလာမယ့် ကာလမှာလည်း မိုးဆက်တိုက် ဆက်လက်ရွာသွန်းဖို့ ရှိနေတယ်ဆိုပြီး မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းတွက်ချက် ထားတဲ့အတွက် ဒေသတွင်းမှာ ရှိနေတဲ့ ဆည်ကြီးတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဧရာဝတီတိုင်း မြောက်ဘက်ပိုင်းဒေသဖြစ်တဲ့ အင်္ဂပူမြို့နယ်ထဲမှာ နန်ကသူဆည်၊ ကညင်ဆည်၊ မမြဆည်တွေ တည်ရှိနေပြီး ဒီဆည်တွေမှာ ရေပိုတွေကို လွှတ်ချနေရတယ်ဆိုပြီး ဒေသခံတွေကြားမှာ ပြောဆိုနေကြတာပါ။

လေးမျက်နှာ၊ မြစ်ကျိုးကျေးရွာအနီး ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုနဲ့အတူ ဧရာဝတီတိုင်းအတွင်းက ၊ ဟင်္သာတခရိုင် ၊ ကျုံပျော်ခရိုင်အတွင်းက လေးမျက်နှာ ၊ ဟင်္သာတ၊ ရေကြည်၊ကျုံပျော်မြို့နယ်တွေအတွင်းမှာ ရေကြီးနစ်မြုပ်မှုတွေကြောင့် ဒေသခံလူထု စိုးရိမ်ပူပန်မှုတွေ ရှိနေချိန် ဆည်တွေရဲ့ လက်ရှိ အခြေအနေက ဘယ်လိုရှိနေပါသလဲ။

အင်္ဂပူမြို့နယ်ထဲမှာ ရှိနေတဲ့ ဆည်တွေထဲက တခုဖြစ်တဲ့ ကညင်ဆည်ရဲ့ တာဝန်ခံ ဦးစီးအရာရှိ ဦးသက်ဇော်ရှိန်နဲ့ DNA ကဆက်သွယ်ပြီး လက်ရှိ ကညင်ဆည်ရဲ့ အခြေအနေကို မေးမြန်းထားပါတယ်။

🔹မေး – ဆည်အခြေအနေက ဘယ်လိုရှိပါလဲဗျ။
ဖြေ – ဆည်အခြေအနေက ကောင်းပါတယ်ဗျ။ ရေကတော့ နှစ်စဉ်ကတော့ ကန်ရေပြည့်ပြီးတော့ Spillway (ရေပိုလွဲ) ကတော့ ရေကျော်နေကျပါ။

🔹မေး – ရေကျော်နေတာ ဘယ်နှစ်ရက်လောက် ရှိပါပြီလဲ။
ဖြေ – ကျော်နေတာက ခုနှစ်လပိုင်းကတည်းက စကျော်တာဆိုတော့ တလကျော်ကျော်လောက်ရှိပြီဗျ။

🔹မေး – ရေပိုလွဲကနေ ရေဖောက်ချလိုက်ရတယ်လို့ ပြောနေကြလို့၊ ဟုတ်လားဗျ။
ဖြေ – ဆည်ရဲ့ Function အရတော့ ရေဖောက်ချတယ်ဆိုတာ မရှိပါဘူးဗျ။ ဆည်ရဲ့ Function အရ ပြောမယ်ဆိုရင် ကန်ရေပြည့်ဧကပေ ၁၄၅၀၀၀ ၊ ကန်ရေအပြည့် ရေသိုလှောင်ပါမယ်၊ သိုလှောင်ပြီးသွားတဲ့အခါမှာ ပိုလျှံလာတဲ့ရေ တွေကို မူလချောင်းအတွင်းကို စီးဝင်လာတဲ့ ရေတွေကို ဆက်ပြီးတော့ စီး‌စေတာပေ့ါဗျ။ Spillway ကနေပြီးတော့။ ဆည်ရဲ့ Function မှာလည်း ရေဖောက်ချတဲ့ Function ရယ်လို့ မပါပါဘူးဗျ။ တမံအောက်မှာရှိတဲ့ အင်္ဂပူ၊ မြန် အောင်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုလည်း ဌာနဆိုင်ရာတွေကတဆင့် အကုန်လုံးလည်း ရှင်းပြထားပြီးဖြစ်ပါ တယ်ဗျ အခြေနေကိုလေ။
ဥပမာပြောပြရမယ်ဆိုရင် ကညင်ချောင်းကနေမှ တနှစ်ကို ဧကပေ ခုနှစ်သိန်းလောက် စီးဝင်တယ်ထား၊ ဥပမာ ပြော ပြတာနော်၊ ခုနှစ်သိန်းလောက်စီးဝင်တယ်ဆိုရင် ကညင်ဆည်ကနေမှ ဖမ်းပြီးတော့မှ ရေဆည်လိုက်တာပေ့ါဗျာ၊ ဆည်ပြီးတော့မှ ကျန်တဲ့ရေတွေကိုတော့ မူလချောင်းအတိုင်းပဲ ပုံမှန်တိုင်းစီးစေတာပေ့ါ။ ရေကြီးနစ်မြုပ်မှုတောင် ပို ပြီး သက်သာစေတာပေါ့ဗျာ။ ပြောမယ်ဆိုရင်တော့။

🔹မေး – နန်ကသူဆည် အခြေအနေရော ဘယ်လိုသိရပါလဲ။
ဖြေ – နန်ကသူဆည်က ကျတော့ဗျာ၊ တာဝန်ခံဦးစီးအရာရှိ သပ်သပ်ရှိတယ်ဗျ။ နန်ကသူဆည်ကလည်း သဘောတရား အတူတူပါပဲဗျ။

🔹မေး – ကညင်ဆည်ရဲ့ ကန်ရေပြည့်အမှတ်ထက် ဘယ်လောက်ပိုနေပြီလဲဗျ အခု။
ဖြေ – ၂ ဒသမ ၃ ပေ ပါဗျ။ ကျွန်တော်တို့ ရေပိုလွဲကနေမှ ၁၀ ဒသမ ၉ ပေထိ ရေကျော်ဖူးပါတယ်ဗျ။ အဲဒီအချိန် ကျော်တဲ့ အချိန်မှာတောင် တမံက ဘာမှ ထိခိုက်မှုမရှိပါဘူး။ အကုန်ကောင်းပါတယ်ဗျ။

🔹မေး – အခုက ၂ ဒသမ ၃ ဆိုတော့ အရင်နှစ်တွေကထက် ပိုများတာလား။
ဖြေ – မနှစ်ကဆိုရင် ခြောက်လပိုင်း ၁ ရက်နေ့ကတည်းက ရေစကျော်တာဗျ။ Spillway ကလေ။ ဒီနှစ်က နည်းနည်း နောက်ကျတယ်။ (ဒီနှစ်) ခုနှစ်လပိုင်း ၁၂ ရက်နေ့လောက်က စကျော်တာဗျ။ နှစ်စဉ်ကတော့ နှစ်ပေ၊ သုံးပေက တော့ ကျွန်တော်တို့ ဒီကညင်ဆည်ကတော့ ခုနှစ်လပိုင်းကနေ ဆယ့်နှစ်လပိုင်းအထိ ပုံမှန်ကတော့ နှစ်ပေ၊ သုံး ပေကတော့ တောက်လျှောက်ကျော်နေကျပါပဲ။ ဒါက ပုံမှန်အတိုင်းပါပဲဗျ။ ကန်ရေပြည့်သွားပြီဆိုရင်တော့လေ လာမယ့်နွေစပါးရေပေးရာသီမှာ လျာထားဧကကို အပြည့်အ၀ဆည်ရေပေးနိုင်တော့မှာပေ့ါ။

🔹မေး – ဆည်နဲ့ ပက်သက်ပြီး ပြောချင်တာ ရှိရင် ပြောပေးပါအုံးဗျ။
ဖြေ – ဆည်တမံတွေကနေပြီးတော့မှ ကန်ရေပြည့် ရေသိုလှောင်ထားရှိပြီးတော့မှ ပိုလျှံလာတဲ့ရေတွေကို Spillway ကနေပြီးမှ မူလချောင်းအတွင်းထဲကို ရေကျော်စီးဆင်းစေတာကတော့ ပုံမှန်ပါပဲပေါ့နော်၊ ပုံမှန်ဖြစ်စဉ်ပါပဲ။ အဲဒါက တော့ ရေဖောက်ချတာလည်း လုံး၀ မဟုတ်ပါဘူး။ ပုံမှန်ဖြစ်စဉ်ပဲဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိပါဘူးလို့ ကျွန်တော် ပြောချင်ပါတယ်ဗျ။

#ကညင်ဆည် #ဦးစီးအရာရှိ #အင်တာဗျုး #ရေကြီး
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ