ကညင်ဆည်နဲ့ နန်ကသူဆည် ရေလျှံနေပြီး ငဝန်မြစ်ရေတိုးနေတဲ့အတွက် ရေမြုပ်ဧရိယာ ပိုကျယ်လာနိုင်

“ဧရာ၀တီမြစ်ရေကျရင် ငဝန်မြစ်ရေ တက်ပါတယ်။ ဧရာ၀တီမြစ်ကနေ ငဝန်က ခွဲဆင်းတာပါ။ ညောင်ကျိုးအထက် ရွှေကျင်နားကနေ ငဝန်မြစ်ကခွဲပါတယ်။ မြန်အောင်က ဧရာ၀တီမြစ်ရေကျလို့ ငဝန်မြစ်ရေ တိုးလာပါတယ်။ ငါတို့ဆီ လာနေပြီ။

၁၈၊ ဩဂုတ်။

ဧရာ၀တီတိုင်းအတွင်း အင်္ဂပူမြို့နယ် အတွင်းက ကညင်ဆည်နဲ့ နန်ကသူဆည်တွေကနေ သိုလှောင်ထားတဲ့ ရေပမာဏများလာပြီး ကန်ရေမြင့်တက် ရေလျှံနေတဲ့အတွက် ငဝန်မြစ်ထဲ စီးဆင်းသွားကာ နောက်ဆက်တွဲအနေနဲ့ မြစ်ရေပိုတက်လာပြီး ရေကြီးတဲ့ဒေသတွေ ပိုများလာနေပါတယ်။

“ဆည်ရဲ့ Function အရတော့ ရေဖောက်ချတယ်ဆိုတာ မရှိပါဘူးဗျ။ ဆည်ရဲ့ Function အရ ပြောမယ်ဆိုရင် ကန်ရေပြည့်ဧကပေ ၁၄၅၀၀၀ ၊ ကန်ရေအပြည့် ရေသိုလှောင်ပါမယ်၊ သိုလှောင်ပြီးသွားတဲ့အခါမှာ ပိုလျှံလာတဲ့ရေ တွေကို မူလချောင်းအတွင်းကို စီးဝင်လာတဲ့ ရေတွေကို ဆက်ပြီးတော့ စီးနေတာပေ့ါဗျ”လို့ ကညင်ဆည်တာဝန်ခံဦးစီးအရာရှိ ဦးသက်ဇော်ရှိန်က ပြောပါတယ်။

ဒီလပိုင်းအတွင်းမှာ မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး မိုးရေချိန် လက်မလည်း များနေတဲ့အတွက် ဧရာဝတီတိုင်းအတွင်းက ဆည်ကြီးတွေ ဖြစ်တဲ့ ကညင်ဆည်အပြင် နန်ကသူဆည်မှာလည်း သတ်မှတ် ပမာဏထက် ရေပြင်မြင့်တက်နေပြီး ရေလျှံနေတယ်လို့ သိရပါတယ်။

လက်တလောမှာတော့ ဆည်တွေရဲ့ ကြံ့ခိုင်မှု့အတွက် စိုးရိမ်စရာ မရှိဘူးလို့လည်း ဦးသက်ဇော်ရှိန်က ပြောပါတယ်။

“ရေကတော့ နှစ်စဉ်ကတော့ ကန်ရေပြည့်ပြီးတော့ Spillway (ရေပို လွဲ) ကတော့ ရေကျော်နေကျပါ။ …၂ ဒသမ ၃ ပေ ပါဗျ။ ကျွန်တော်တို့ ရေပိုလွဲကနေမှ ၁၀ ဒသမ ၉ ပေထိ ရေကျော်ဖူးပါတယ်ဗျ။ အဲဒီအချိန် ကျော်တဲ့ အချိန်မှာတောင် တမံက ဘာမှ ထိခိုက်မှုမရှိပါဘူး။ အကုန်ကောင်းပါတယ်ဗျ”လို့ ဆိုပါတယ်။

ငဝန်မြစ်ရေဟာ တာစကျိုးတုန်းက မြေနိမ့်ပိုင်း အိုင်သပြု၊ ငသိုင်းဘက်ဆီ စီးဆင်းခဲ့ပေမယ့် အခုအခါမှာတော့ လေးမျက်နှာမြို့ရဲ့ အရှေ့ဘက်နဲ့ အရှေ့မြောက်ဘက်ပိုင်းတွေအထိ ရေမျက်နှာပြင် ဆက်လက် ကျယ်ပြန့်နေတာဖြစ်ပြီး ရေစီးလည်း ပြင်းနေပါတယ်။

“မြန်အောင်မြစ်ရေ ကျတာရယ်၊ ကညင်ဆည်နဲ့ နန်ကသူက ရေလွှတ်ချတာရယ်ကြောင့် ငဝန်မြစ်ရေတက်လာနေ ပါတယ်။ နှစ်ရက်၊ သုံးရက်အတွင်း ခုအတိုင်း တက်လာရင်တော့ ဦးရှင်ကြီးပွဲ ကျင်းပတဲ့ နေရာအထိ ရောက်လာနိုင်ပါတယ်” လို့ အမည်မဖေါ်လိုတဲ့ တလုထ္ထော်ဒေသခံ တဦးက ပြောပါတယ်။
ကညင်ဆည်နဲ့ နန်ကသူဆည်တို့မှ ရေတွေဟာ အင်္ဂပူမြို့နယ် ကွင်းကောက်မြို့နား ခြောက်ရွာနဲ့ ကျီးကြီးချောင်းကို ပေါင်းစီးကာ ငဝန်မြစ်ထဲ စီးဆင်းလာတာလို့ ဆိုပါ တယ်။

လက်ရှိမှာ ဧရာဝတီမြစ်ရေဟာ မြန်အောင်၊ ဇလွန်မြို့နယ်တို့မှာ စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေပေမယ့် မြစ်ရေ ပြန်ကျနေတာပါ။ အဲဒီလို ဧရာ၀တီမြစ်ရေကျလာကြောင့်လည်း ငဝန်မြစ်ရေကို တိုးစေတယ်လို့ ဆိုပါတယ်။

“ဧရာဝတီမြစ်ရေကျရင် ငဝန်မြစ်ရေ တက်ပါတယ်။ ဧရာ၀တီမြစ်ကနေ ငဝန်က ခွဲဆင်းတာပါ။ ညောင်ကျိုးအထက် ရွှေကျင်နားကနေ ငဝန်မြစ်ကခွဲပါတယ်။ မြန်အောင်က ဧရာ၀တီမြစ်ရေကျလို့ ငဝန်မြစ်ရေ တိုးလာပါတယ်။ ငါတို့ဆီ လာနေပြီ။ ဓမ္ဘီဘက်၊ တလုတ္ထော်၊ နိမ့်တဲ့နေရာ အကုန်ဝင်လိမ့်မယ်။ အောက်ဘက်တွေ ပိုဆိုးမယ်” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။

လက်ရှိမှာလည်း ဟင်္သာတမြို့နယ်အတွင်းက လဟာပ၊ ငါးနုတ်တည်၊ ကုန်းလေး၊ သင်္ဃန်းတောရွာတွေနားထိ ရေတက်နေပြီး ရက်ပိုင်းအတွင်း တလုတ္ထော်မြို့နဲ့အနီးဆုံးကို ရေရောက်လာနိုင်တာပါ။ တလုတ္ထောမြို့အနီး လယ်ကွင်း တွေမှာလည်း ရေစတက်နေပြီဖြစ်ပြီး တလုတ္ထော်မြို့ထဲမှာတော့ ကုန်းမြင့်ပိုင်းဖြစ်တာမို့ ရေမဝင်သေးဘူးလို့ ဒေသ ခံတွေက ပြောပါတယ်။

လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ညကတည်းက စကျိုးခဲ့တာဖြစ် ပြီး ၁၉ ရက်ကြာသွားပြီဖြစ်ကာ လက်ရှိမှာ လေးမျက်နှာအပြင် ဟင်္သာတ၊ ကျုံပျော်၊ ရေကြည်၊ ငသိုင်းချောင်းမြို့ နယ်တွေထိ ရေကြီးလာနေတာပါ။

တာပေါက်စကျိုးပြီး တပတ်ကျော်အကြာမှာ တာပေါက်ကအနေ ရေအဝင်နည်းသွားပြီး လေးမျက်နှာမြို့နယ်အ တွင်း ရေအနည်းငယ်ပြန်ကျသွားခဲ့ပေမယ့် အခုအခါ ရေထပ်တက်လာကာ ရေဘေးသင့်ပြည်သူတွေ တိုးလာသလို ရေဘေးရှောင်စခန်းတွေပါ ရွှေ့ပြောင်းရတဲ့အခြေအနေနဲ့ ကြုံနေရတာဖြစ်ပါတယ်။
မနေ့က ဩဂုတ်လ ၁၇ ရက်နေ့ညပိုင်းမှာဆိုရင် လဟာပရွာမှာ လူနှစ်ရာဝန်းကျင် ပိတ်မိနေခဲ့ပြီး တဦး ရေနစ်မြုပ် သေဆုံးခဲ့ကာ အခုချိန်ထိ ကယ်ထုတ်နေကြရဆဲဖြစ်ပါတယ်။

“အနိမ့်ပိုင်းတွေ အချိန်မီရွေ့ပြောင်းထားကြဖို့လိုတယ်။ ရေက ဒီပုံစံအတိုင်းဆိုရင် မကြာဘူး အခြားအနိမ့်ပိုင်းတွေ အကုန်မြုပ်မှာ။ လယ်တွေကတော့ ဆုံးပြီ တနှစ်စာ။ လူတွေဘေးကင်းအောင်ပဲ ဂရုစိုက်ရတော့မယ်” လို့ ရေဘေး ကူညီပေးနေသူတဦးက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ငဝန်မြစ်ရေကြောင့် လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်၊ ရေကြည်၊ ငသိုင်းချောင်းမြို့နယ် တို့ ရေကြီးနေတဲ့အပြင် ကျောင်းကုန်း၊ မအူပင်၊ မြန်အောင်မြို့နယ်တို့မှာလည်း ရေတက်နေတာကြောင့် စာသင် ကျောင်းအချို့ ပိတ်ထားရကာ လူတွေလည်း စရွှေ့ပြောင်းနေကြရပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကျိုးသွားခဲ့တာ ၁၉ ရက်ကြာပြီဖြစ်တဲ့ ငဝန်မြစ်တာဘောင်ကို စစ်အစိုးရက အမြန်ဆုံးပြီးစီးအောင် ပိတ်သွားမယ်လို့ ဆိုထားပြီး လက်ရှိအချိန်အထိ မပိတ်နိုင်သေးတာဖြစ်ပါတယ်။

#ဧရာဝတီ #ကညင်ဆည် #နန်ကသူဆည် #အင်္ဂပူ
#DeltaNewsAgency #DNA
#ဧရာဝတီ #ပဲခူး #ရန်ကုန်