
ငဝန်မြစ်ရေအပြင် ဧရာ၀တီမြစ်ရေ၊ တိုးမြစ်ရေနဲ့ ဒါးကမြစ်ရေတို့ဟာလည်း စိုးရိမ်ရေမှတ်ထိ ကျော်လွန်နေပြီး ဟင်္သာတ၊ မြန်အောင်၊ ဇလွန်၊ ကျောင်းကုန်း၊ မအူပင်၊ ရေကြည်၊ ငသိုင်းချောင်း၊ လေးမျက်နှာစတဲ့မြို့နယ်တွေမှာ စိုးရိမ်ရေအမှတ်တွေရဲ့ အထက်မှာ အသီးသီး ရောက်နေပြီ ဖြစ်ပါတယ်။
၁၇၊ ဩဂုတ်။
လေးမျက်နှာမြို့ အနီးက ကျိုးပေါက်သွားခဲ့တဲ့ ငဝန်မြစ်တာကျိုးပေါက်ကို ၁၈ ရက်ကြာတဲ့အထိ မပိတ်နိုင်သေးတဲ့ အကျိုးဆက်အနေနဲ့ လေးမျက်နှာမြို့နယ်မှာ ရေဆက်တက်နေပြီး ဧရာ၀တီတိုင်းအတွင်းက မြို့နယ် ရှစ်ခုမှာ ရေကြီးနေပါတယ်။
ငဝန်မြစ်တာကျိုးပေါက်ကို စစ်အစိုးရက နိုင်ငံတော်အဆင့် ဦးစီးပြီး ပိတ်ဖို့ကြိုးစားနေတယ် ဆိုပေမယ့် အခု ချိန်ထိ အောင်မြင်အောင် မလုပ်နိုင်သေးတာ ဖြစ်ပါတယ်။
“တာပေါက်က အခုထိ မပြီးသေးဘူး။ တိုင်စိုက်တာလည်း သုံးပုံတပုံလောက်ပဲ ပြီးဦးမယ်။ ရေစီးကလည်း တော်တော် ပြင်းနေတယ်။ အခု လေးမျက်နှာတို့၊ အိုင်သပြုတို့မှာ ရေက အရင်ထက်တောင် တပေနီးပါးလောက်ထိ ပိုမြင့်သွားတယ်” လို့ လေးမျက်နှာဒေသခံတဦးက ပြောပါတယ်။
အဲဒီလို ရေတက်နေတာကြောင့် ဟင်္သာတမြို့နယ် လဟာပကျေးရွာနားထိ ရေရောက်နေပြီးဟင်္သာတ အိုင်သပြု ကားလမ်းဟာလည်း သွားလို့အဆင်မပြေတဲ့အခြေအနေထိ ဖြစ်နေတယ်လို့ ရေဘေးကူညီပေးနေသူတွေက ပြော ကြပါတယ်။
“အရင်က နိဗ္ဗာန်(ရွာ)နားလောက်ထိ သွားလို့ရသေးတယ်။ အခု ရှောင်ကွင်းပြီးတော့ သွားနေရတယ်” လို့ အိုင်သ ပြုမှာ ရေဘေးကူညီပေးနေသူတဦးက ပြောပါတယ်။
ငဝန်မြစ်ရေအပြင် ဧရာ၀တီမြစ်ရေ၊ တိုးမြစ်ရေနဲ့ ဒါးကမြစ်ရေတို့ဟာလည်း စိုးရိမ်ရေမှတ်ထိ ကျော်လွန်နေပြီး ဟင်္သာတ၊ မြန်အောင်၊ ဇလွန်၊ ကျောင်းကုန်း၊ မအူပင်၊ ရေကြည်၊ ငသိုင်းချောင်း၊ လေးမျက်နှာစတဲ့မြို့နယ်တွေမှာ စိုးရိမ်ရေအမှတ်တွေရဲ့ အထက်မှာ အသီးသီး ရောက်နေပြီ ဖြစ်ပါတယ်။
မြစ်ရေတက်နေတဲ့အပြင် ဧရာ၀တီမြစ်ကမ်းတလျှောက် မြစ်ကမ်းပါးပြိုတာတွေကြောင့် တာဘောင်ကျိုးကျနိုင်တဲ့ အခြေအနေနဲ့ ကြုံနေရပြီး ရေဆက်တက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။
“မြန်အောင်က တချို့မြစ်နား ရွာတွေမှာ ရေကြီးနေပြီ။ တာဘောင်တွေမကျိုးဖို့ပဲ ဘုရားတနေရတယ်။ ကိုယ်ထူ ကိုယ်ထတော့ အကုန်လုပ်နေကြတယ်” လို့ မြန်အောင်မြို့ခံတဦးက ပြောပါတယ်။
ဇလွန်မြို့နယ်အတွင်းက ညောင်ပင်သာတာနဲ့ တမိုင်ဝန်းကျင်အကွာ ရေပေါက်ကြီးကျေးရွာမှာလည်း မြစ်ကမ်းပါး ပြိုကျလို့ လူနေအိမ် တဆယ်ကျော် အရေးပေါ်ရွေ့ပြောင်းထားရပါတယ်။
အဲဒီ ဧရာဝတီမြစ်ထိန်းတာသာ ကျိုးသွားခဲ့ရင် ဧရာ၀တီတိုင်းတခုလုံး ရေလွှမ်းသွားနိုင်တာကြောင့် အရေးတကြီး အချိန်မီ ကာကွယ်ရေးလုပ်ကြဖို့လိုအပ်တယ်လို့ ဆိုပါတယ်။
ဧရာဝတီမြစ်ကမ်းတလျှောက် ကျေးရွာတွေမှာ မြစ်ကမ်းပါးပြိုကျလို့ လူနေအိမ်တွေ ပြိုကျ၊ ပျက်စီးတာတွေ နှစ်တိုင်းရှိနေပြီး ဒါတွေဟာ မြစ်ကြောင်းတလျှောက် မြစ်သဲ၊ ကျောက် အလွန်အကျွံ စုပ်ယူတာကြောင့် ဖြစ်ကာ စစ်အစိုးရဟာ အဲဒီလိုမြစ်သဲကျောက်စုပ်ယူတာတွေကို ခွင့်ပြုပေးထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဧရာဝတီမြစ်ရဲ့ မြစ်လက်ထက်မြစ်တဲ့ ငဝန်မြစ်တာဘောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ညက လေးမျက်နှာမြို့ တည့်တည့် နေရာက ကျိုးကျသွားခဲ့တာဖြစ်ပြီး ပြည်သူသောင်းချီ ရေဘေးသင့်နေတာပါ။
#ဧရာဝတီ #လေးမျက်နှာ #တာကျိုးပေါက် #နှစ်ပတ်ကြာ #ရေကြီး
#DeltaNewsAgency #DNA
#ဧရာဝတီ #ပဲခူး #ရန်ကုန်