ရန်ကုန်က စက်ရုံတွေရဲ့ ညပိုင်းမီးအသုံးပြုခ လျှော့ချ

“ရုံးချုပ် ဆုံးဖြတ်တာဖြစ်လို့ ကျန်တာမသိဘူး။ အများသုံး ဓာတ်အားခတော့ လျှော့တဲ့အထဲ မပါသေးဘူး ” လို့ ရန်ကုန်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

၁၇၊ဩဂုတ်

ရန်ကုန်တိုင်းအတွင်းက စက်မူလုပ်ငန်းတွေရဲ့ ညပိုင်းအသုံးပြုတဲ့ မီတာခကို လျှော့ချယူမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနက အသိပေးထားပါတယ်။

စစ်အစိုးရအနေနဲ့ စက်ရုံနဲ့ စက်မှုလုပ်ငန်း၊အထူးစီးပွားရေးဇုန်တို့ကို အခုနှစ်ဆန်းပိုင်းကစပြီး သီးခြားဓာတ်အားလိုင်း အသုံးပြုကာ တယူနစ် ၉၀၀ ကျပ်နှူန်းယူပြီး ၂၄ နာရီ မီးပေးနေတာ ဖြစ်ပါတယ်။

ဒါကို ညပိုင်း မီးအသုံးပြုတဲ့အပေါ် တယူနစ် ၉၀၀ ကျပ်အစား ၆၀၀ ကျပ် လျှော့ချယူသွားမယ်ဆိုပြီး ကြေညာလာတာဖြစ်ပြီး အခြေခံပြည်သူတွေရဲ့ မီးသုံးစွဲခကိုတော့ လျှော့ပေါ့ပေးတာ မရှိတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

“ပေးနိူင်၊တတ်နိုင်လို့ သီခြားဓာတ်လိုင်း ယူသုံးတဲ့သူတွေကျ လျှော့ပေးပြီး၊ အခြေခံပြည်သူတွေကို ထည့်မတွက်တာ။ ရည်ရွယ်ချက်က မေးခွန်းထုတ်စရာပဲ”လို့ သာကေတမြို့နယ်မှာ နေသူတဦးက ပြောပါတယ်။

အခုလို မီးအသုံးပြုခလျှော့တာက ညပိုင်းဓာတ်အားပိုလျှံမှု ရှိနေတာကြောင့်ဖြစ်ပြီး ည ၁၁ နာရီကနေ မနက် ၅ နာရီအထိ စက်မှုလုပ်ငန်းတွေရဲ့ မီတာခ လျှော့ချယူသွားမှာလို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဆိုပါတယ်။

“ရုံးချုပ် ဆုံးဖြတ်တာဖြစ်လို့ ကျန်တာမသိဘူး။ အများသုံး ဓာတ်အားခတော့ လျှော့တဲ့အထဲ မပါသေးဘူး ” လို့ ရန်ကုန်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ တယူနစ် ကျပ် ၉၀၀ ပေးနိုင်တဲ့ စက်မှုလုပ်ငန်းတွေကို ၂၄ နာရီ မီးရရှိအောင် အာမခံ ပေးထားပြီး အများသုံးလျှပ်စစ်မီးကို အကြောင်းပြချက် မျိုးစုံနဲ့ ဖြတ်တောက်နေတာ ရှိပါတယ်။

#ရန်ကုန် #စက်ရုံ #မီတာခ #လျော့ချ
#DeltaNewsAgency #DNA