
ထိုင်းပြည်သူတွေက မြန်မာပြည်သူတွေနဲ့ အတူပဲ ရပ်တည်ပြီး လုပ်နေပါတယ် ဆိုတဲ့အကြောင်းကို ကျွန်မတို့ကို သတင်းစကားပါးခဲ့ပါတယ်။
၁၇၊ဩဂုတ်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ Mr. Anusorn Tamajai၊ Mr. Chonlathan “Ice” Supphaiboonlerd နှင့် Mr. Krokiat Korsoongsak တို့ကို ဩဂုတ်လ ၁၄ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်မှာ သွားရောက်တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။ အခုလို သွားရောက်တွေ့ဆုံတဲ့ CRPH ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်ခဲ့တဲ့ မအူပင်မဲဆန္ဒနယ် ၊ဧရာဝတီဖက်ဒရယ်ယူနစ် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံးကို DNA က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
🔹DNA-CRPH ရဲ့ ထိုင်းအောက်လွှတ်တော် ခရီးစဉ်မှာ Mr. Anusorn Tamajai နဲ့ တွေ့ဖြစ်ခဲ့ပုံကို ပြောပြပေးပါဦးခင်ဗျ။
ဒေါ်အိအိပြုံး-Mr. Anusorn Tamajai နဲ့ သူက မြန်မာဘက်က ရပ်တည်ပြီးတော့ မင်းအောင်လှိုင် လာတဲ့အချိန်မှာ ဆန္ဒပြခဲ့တာ ဖြစ်တဲ့အတွက် လွှတ်တော်ကို သွားရင်းနဲ့ သူနဲ့ပါ တပါတည်း တွေ့ဆုံပြီး ကျေးဇူးတင်စကား ပြောချင်ပါတယ်ဆိုပြီး တောင်းဆိုလိုက်တော့ သူကလည်း အစည်းအဝေးခန်းမထဲမှာ အစည်းအဝေးထဲ ရောက်နေတယ်။ ကျွန်မတို့ သွားတဲ့အချိန်ကလည်း တော်တော်နောက်ကျနေပြီ။ကျွန်မတို့ တွေ့ဆုံရတဲ့အချိန်က နှစ်ချက်ခွဲကနေ လေးနာရီခွဲလောက် အချိန်ပေါ့ အဲမှာ သူတို့ကလည်း အစည်းအဝေး မပြီးသေးဘူး ။ ဒါပေမယ့် သူက အစည်းအဝေး ခန်းမထဲက ထွက်လာပြီးတော့ ကျွန်မတို့ကို သူမြန်မာပြည် အရေးကို မျက်ခြေမပြတ်ဘူး ဆိုတဲ့အကြောင်း ကျွန်မတို့ကိုလည်း အားပေးတယ်ဆိုတဲ့ အကြောင်း ၊ ကျွန်မတို့ဘက်ကလည်း မင်းအောင်လှိုင် လာတဲ့အချိန်မှာ ဆန္ဒပြတဲ့ အတွက် မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တဲ့အတွက် ကျေးဇူးအများကြီးတင်တယ် ဆိုတဲ့အကြောင်း ရှေ့ဆက်ပြီးလည်း ကျွန်မတို့ လုပ်စရာ ရှိတဲ့ ကိစ္စတွေလည်း ချိတ်ဆက်ပြီး ဆောင်ရွက်မယ် ဆိုတဲ့အကြောင်း ကျွန်မတို့က ဒီလောက်ပဲ ပြောဖြစ်ခဲ့ကြတယ် ။
🔹DNA-ဘယ်အကြောင်းအရာတွေ အဓိက ပြောဖြစ်ခဲ့ကြတာ ရှိမလဲ။
ဒေါ်အိအိပြုံး-ကျွန်မတို့အနေနဲ့ကလည်း ထိုင်းလွှတ်တော်နဲ့ ထိတွေ့ဆက်ဆံပြီး မြန်မာ့အရေး၊လူသားချင်စာနာထောက်ထားမှု အစီအစဉ်တွေ ၊ ရွှေ့ပြောင်းအလုပ်သမားအခြေအနေ ၊ကျွန်မတို့ ပြည်သူ့ရေးရာ ကော်မတီဆိုလည်း မသန်စွမ်းတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ၊ နောက် ပညာရေးပေါ့ ။ ကျွန်မတို့မှာ ပြောစရာတွေက အသေးစိတ် အခြေအနေတွေ အများကြီးရှိတယ်လေ။ ဆိုတော့ ဒါလေးတွေလည်း ကျွန်မတို့က အသိပေးစရာတွေ ရှိတယ်။ရှေ့ဆက်ပြီး ချိတ်ဆက်မယ်ဆိုတဲ့ အကြောင်းအရာကိုတော့ အဓိက ပြောခဲ့တာပေါ့။
🔹DNA-Mr. Anusorn Tamajai တို့ဘက်ကရော ဘာတွေပြန် ဆွေးနွေးတာ ရှိလဲဗျ။
ဒေါ်အိအိပြုံး-Mr. Anusorn Tamajai နဲ့က ကြိုချိန်းထားတာ မဟုတ်ပေမယ့် ကျွန်မတို့ပြန်ထွက်တဲ့အချိန်မှာ သူကလည်း သူ့အစည်းအဝေးခမ်းမကနေ ထွက်လာပြီးတော့ ကျွန်မတို့နဲ့ ခဏ စကားပြောဖြစ်တာ ဖြစ်တယ်။ သူက တတောက်လျှောက်လုံး မြန်မာပြည်နဲ့ ရင်းနှီးခဲ့တယ်။သူသိတယ်ပေါ့။သူ့တပည့်တွေမှာလည်း မြန်မာပြည် ကျောင်းသားတွေ ရှိတယ်ပေါ့။ အဲလိုမျိုး သူပြောတယ်။Mr. Chonlathan “Ice” Supphaiboonlerd ကလည်း မြန်မာပြည် အာဏာသိမ်းခံရကာစမှာ ထိုင်းပြည်သူတွေ အနေနဲ့ သူတို့လည်း အာဏာသိမ်းခံရတာတွေ ရှိခဲ့ဖူးတယ် ကြုံနေရတာဆိုတော့ ဒီလိုပဲ အာဏာသိမ်းပြီး ပြီးသွားတယ်။ ဒီလိုပဲ ပုံမှန်ဖြစ်သွားတယ် ထင်ကြတယ်ပေါ့လေ ။
ဒါပေမယ့် အခုမြန်မာပြည်မှာကျတော့ အခုလိုဟုတ်မနေဘူးဆိုတာ ထိုင်းပြည်သူတော်တော်များများက သိသွားတယ်။ဒါကြောင့်မို့လို့ မင်းအောင်လှိုင် ထိုင်းကိုလာတဲ့အချိန်မှာ ထိုင်းပြည်သူတွေ ကိုယ်တိုင်က ဆန္ဒပြတာမျိုးတွေ ရှိလာတယ်။ နယ်စပ်ရေးရာမှာ ဖြစ်နေတဲ့ ပြသနာရပ်တွေပေါ်မှာလည်း ထိုင်းပြည်သူတွေက မင်းအောင်လှိုင် က တာဝန်ရှိတဲ့သူအဖြစ်ပဲ ရှု့မြင်ပြီး ဒီအရေးတွေမှာ လှုပ်ရှားမှုတွေ ပိုပြီးကျယ်ပြန့်လာတယ် ပေါ့လေ။ ဒါလေးတွေကလည်း ထိုင်းပြည်သူတွေက မြန်မာပြည်သူတွေနဲ့ အတူပဲ ရပ်တည်ပြီး လုပ်နေပါတယ် ဆိုတဲ့အကြောင်းကို ကျွန်မတို့ကို သတင်းစကားပါးခဲ့ပါတယ်။
DNA- ဟုတ်ကဲ့ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဗျ။
#CRPH #ထိုင်းလွှတ်တော်ကိုယ်စားလှယ် #MrAnusorn #ဒေါ်အိအိပြုံး #မအူပင်မဲဆန္ဒနယ် #အင်တာဗျူး
#DeltaNewsAgency #DNA
#ဧရာဝတီ #ပဲခူး #ရန်ကုန်