တာကျိုးပေါက် မပိတ်နိုင်သေးတဲ့ လေးမျက်နှာမြို့နယ်မှာ ရေပြန်တက်နေ

“မြစ်ရေတက်ရင် တက်သလောက် ရေထပ်မြင့်လာမယ်ထင်တယ်။ အခုက လပြည့်လည်းဖြစ်တယ်။ ဧရာ၀တီမြစ် ရေလည်း တက်နေတယ်ဆိုတော့ ဒီထက်တောင် တက်အုံးမလားမသိဘူး။ အပေါက်ကို မြန်မြန်ပြီးအောင် လုပ်စေ ချင်တယ်”

၁၃၊ ဩဂုတ်။

ငဝန်မြစ်တာဘောင်ကျိုးကျမှုနောက်ဆက်တွဲ ရေကြီးနေတဲ့ ဧရာ၀တီတိုင်း လေးမျက်နှာမြို့နယ်အတွင်းမှာ ရေအနည်းငယ်ပြန်ကျနေခဲ့ပေမယ့် မနေ့ကစပြီး ရေပြန်တက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“သုံးရက်လောက်ထိ ရေကျသွားခဲ့တယ်။ တပေခွဲလောက်ကျသွားတယ်။ အဲဒါ မနေ့ကစပြီး ပြန်တက်တယ်။ နဂို ရေရောက်ဖို့ လက်နှစ်လုံးလောက်ပဲ လိုတော့တယ်။ တော်တော်တက်လာတာ။ မြစ်ရေတက်လာလို့ဖြစ်တာ” လို့ လေးမျက်နှာမြို့နယ် အိုင်သပြုဒေသခံတဦးက ဒီနေ့ညနေ ၅ ခွဲခန့်မှာ DNA ကိုပြောပါတယ်။

ငဝန်မြစ်တာဘောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ညပိုင်းကနေ ကျိုးသွားခဲ့တာ ဖြစ်ပြီး အဲဒီရဲ့နောက်ဆက်တွဲ လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်မြို့နယ်တို့မှာ ရေကြီးနေခဲ့တာပါ။ အဲဒီ နောက် ဩဂုတ်လ ၉ ရက်နေ့လောက်ကစပြီး လေးမျက်နှာမြို့နယ်အတွင်း ရေအနည်းငယ်ပြန်ကျခဲ့ပြီး အခုအခါ ရေပြန်တက်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ကျိုးသွားတဲ့တာပေါက်ကို နိုင်ငံတော်အဆင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအပါအဝင် တာဝန်ရှိသူတွေက ပိတ်ဖို့ကြိုးစားနေပေမယ့် မပိတ်နိုင်သေးချိန်မှာ အခုလို ရေထပ်တက်လာခဲ့တာပါ။

“မြစ်ရေတက်ရင် တက်သလောက် ရေထပ်မြင့်လာမယ်ထင်တယ်။ အခုက လပြည့်လည်းဖြစ်တယ်။ ဧရာ၀တီမြစ် ရေလည်း တက်နေတယ်ဆိုတော့ ဒီထက်တောင် တက်အုံးမလားမသိဘူး။ အပေါက်ကို မြန်မြန်ပြီးအောင် လုပ်စေ ချင်တယ်” လို့ လေးမျက်နှာဒေသခံတဦးက ပြောပါတယ်။

အဲဒီရေကြီးမှုကြောင့် စိုက်ပျိုးပြီးသားစပါးခင်းပေါင်း ဧက သုံးသောင်းကျော် ရေမြုပ်၊ ပျက်စီးနေပြီး လူဦးရေ သောင်းချီဟာလည်း သူတို့ရဲ့ နေအိမ်​တွေကို စွန့်ခွာပြီး ရေဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနကတော့ အဲဒီတာပေါက်ကို အမြန်ဆုံးပိတ်နိုင်ဖို့ Sheet Pile တွေစိုက်နေပြီး နေ့ည မပြတ် အရှိန်အဟုန်မပြတ်လုပ်နေတယ်လို့ ဆိုထားပါတယ်။ ငဝန်မြစ်တာဘောင်ကို တပတ်အတွင်း အပြီးပိတ်သွား မယ်လို့ စစ်အစိုးရရဲ့ ဧရာ၀တီတိုင်းဝန်ကြီးချုပ်က ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ တာပေါက်ပိတ်နိုင်ဖို့ နောက်ထပ် နှစ်ပတ်ဝန်းကျင်ကြာနိုင်သေးတယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုထားကြပါတယ်။

အခုရေကြီးနေတာဟာ လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်နိမ့်ဆင်း၊ ရေစိမ့်ရာကနေ ထိန်းမနိုင်တဲ့ထိ ကျိုးပေါက်သွားတာကြောင့်ဖြစ်ပါတယ်။ အဲဒီတာဘောင်ဟာ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃နာရီ ကျော်လောက်က စပြီး အလျား ၃၀ ပေ၊ အနံ ၅ ပေလောက် တာဘောင်နိမ့်ဆင်း၊ ရေစိမ့်နေခဲ့တာဖြစ်ကာ အခုအခါမှာတော့ တာ ဘောင်အပေါက်ဟာ ပေ ၂၉၀ လောက်ထိ ကျယ်သွားခဲ့ပြီဖြစ်ပါတယ်။

ဧရာဝတီတိုင်းအတွင်းက ငဝန်မြစ်တာဘောင်ကျိုးသွားခဲ့တဲ့အပြင် ဇလွန်မြို့နယ်အတွင်းက ဧရာ၀တီမြစ်ရဲ့ မြစ် ကမ်းပါးဟာလည်း ပြိုကျနေပြီး တာဘောင်ကျိုးကျနိုင်တဲ့အခြေအနေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောကြ ပါတယ်။

#ဧရာဝတီတိုင်း #လေးမျက်နှာ #ရေပြန်တက် #တာကျိုး
#DeltaNewsAgency #DNA