
ဩဂုတ်လ ၁၂ ရက် နေ့မှာ ရေကြည်မြို့နယ် ထဲက ပွိုင့် (၁၀၁)အနီးဝန်းကျင်နဲ့ သာပေါင်းမြို့နယ် ၊သာပေါင်းကလေး ကျေးရွာအနီးဝန်းကျင်ရှိ AA စစ်ကြောင်းတွေရှိရာ နေရာတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် အဲဒီနေ့တရက်တည်း နေရာ ၅ နေရာမှာ တနေ့လုံးနီးပါး တိုက်ပွဲခဲ့တာ ဖြစ်ပါတယ်။
၁၄၊ ဩဂုတ်။
ဧရာဝတီတိုင်းအတွင်းက ရေကြီးနစ်မြုပ် ဧရိယာတွေနဲ့ ဆက်စပ်နေတဲ့ ရေကြည်နဲ့ သာပေါင်းမြို့နယ်တွေမှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့အကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။ ဩဂုတ် လ ၁၂ ရက်နေ့က နေရာငါးခုမှာ တရက်လုံးနီးပါး တိုက်ပွဲတွေဖြစ်ခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဆီကနေ လက်နက်ခဲယမ်း တချို့နဲ့ အလောင်းတွေ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။
“တိုက်ပွဲကတော့ မဖြစ်တဲ့ရက်ကို မရှိဘူး။ စစ်တပ်ကလည်း အင်အားတော်တော်ဖြည့်နေတယ်။ ကိုယ့်ဘက်က တော့ လုံး၀ဖြတ်တောက်ထားနိုင်တယ်။ ဒီဘက်ပွဲတွေမှာ အောင်မြင်မှုတွေ ရနေတယ်ပြောလို့ရတယ်” လို့လည်း AA နဲ့ နီးစပ်တဲ့ ဒေသခံစစ်ရေးသတင်းရင်းမြစ် ကိုဦးဆန်းက ပြောပါတယ်။
စစ်တပ်ဘက်က ရခိုင်ပြည်နယ် တောင်ပိုင်းကို ထိုးဖောက်ဝင်ရောက်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားနေပြီး ရခိုင်၊ဧရာဝတီ အစပ်နေရာတွေမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပိုပြီးပြင်ထန်နေတယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၁၂ ရက် နေ့မှာ ရေကြည်မြို့နယ် ထဲက ပွိုင့် (၁၀၁)အနီးဝန်းကျင်နဲ့ သာပေါင်းမြို့နယ် ၊သာပေါင်းကလေး ကျေးရွာအနီးဝန်းကျင်ရှိ AA စစ်ကြောင်းတွေရှိရာ နေရာတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် အဲဒီနေ့တရက်တည်း နေရာ ၅ နေရာမှာ တနေ့လုံးနီးပါး တိုက်ပွဲခဲ့တာ ဖြစ်ပါတယ်။
သာပေါင်းမြို့နယ်ဘက်ကနေ ထိုးစစ်ဆင်လာတဲ့ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁၀၁ တပ်ရင်းနဲ့ AA တို့ သာပေါင်းကလေးကျေးရွာအနီးမှာ သုံးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်က လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးပစ်ကူတွေ အများအပြားသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်လာခဲ့တယ်လို့ AA က ဆိုပါတယ်။
ဒါပေမယ့် အဲဒီထိုးစစ်ကို AA က အကောင်းဆုံး ခုခံတိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်တပ်ဘက်က အထိအခိုက် အကျအဆုံးများစွာနဲ့ တပ်လန်ထွက်ပြေး ဆုတ်ခွာခဲ့ရပြီး လိုက်လံရှင်းလင်းခဲ့ရာ ရန်သူ့အလောင်းအချို့နဲ့ လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရရှိတာလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အလားတူပဲ ရေကြည်မြို့နယ်ဘက်ကနေ ထိုးစစ်ဆင်လာတဲ့ တပ်မ (၆၆) လက်အောက်ခံ ခလရ( ၁ )၊ (၁၁) တပ် ရင်းတွေနဲ့ ပွိုင့် (၁၀၁)ကုန်းရဲ့ တောင်ဘက်၊ အနောက်တောင်ဘက်တို့နဲ့ မလှမ်းမကမ်း နေရာတွေမှာ တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့ပါတယ်။
ဧရာ၀တီတိုင်း အတွင်းမှာ ငဝန်မြစ်တာဘောင် ကျိုးကျမှုကြောင့် အခုတိုက်ပွဲဖြစ်နေတဲ့ ရေကြည်အပါအဝင် လေးမျက်နှာ၊ ကျုံပျော်၊ ဟင်္သာတမြို့နယ် တွေအတွင်း ရေကြီးနေပြီး အဲဒီလို ရေကြီးနေချိန် စစ်တပ်ဟာ အင်အားအလုံးအရင်း သုံးပြီး ထိုးစစ်ဆင် တိုက်ပွဲဖော် နေတာပါ။
“ဘယ်ဘက်တွေက ပစ်လဲတော့မသိဘူး။ လက်နက်ကြီးသံတွေ ခဏခဏကြားရတယ်” လို့ လေးမျက်နှာမြို့နယ် အိုင်သပြုဒေသခံတဦးက ပြောပါတယ်။
အဲဒီလို ထိုးစစ်ဆင်ပြီး ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ နေရာတိုင်းမှာ မြေပြင်တိုက်ပွဲတွေ ဖြစ်နေကာ စစ်တပ်ဘက်က အထိအခိုက် အကျအဆုံး များတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်နေတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း လေးမျက်နှာ၊ ရေကြည်၊ သာပေါင်းမြို့နယ်အတွင်းက စစ်ရေးအရ အရေးပါတဲ့ စခန်းကြီးတွေ ဆက်တိုက် သိမ်းပိုက်ခံနေရတဲ့ အာဏာသိမ်း စစ်တပ်ဟာ ရိုးမတောင်ခြေတလျှောက် ကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလည်း တောက်လျှောက် လုပ်နေတာပါ။
စစ်တပ်ဟာ ရိုးမတောင်ခြေတလျှောက် အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်းမြို့နယ် တွေကနေတဆင့် ရခိုင်ပြည်နယ် တောင်ပိုင်းဆီ စစ်ကြောင်းထိုး၊ တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာဖြစ်ပြီး AA နဲ့ ဒေသခံတော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ရှေ့မတိုး နိုင်ဖြစ်နေပါတယ်။
ဧရာဝတီတိုင်း ရေကြည်၊ သာပေါင်း စစ်မျက်နှာအတွင်း တပ်စခန်းတွေ လက်လွှတ်ရပြီး အထိနာနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ အရပ်သား လူနေကျေးရွာတွေ အနီးမှာ စစ်စခန်းတွေ တိုးချနေပြီး ရွာသားတွေကို အတင်းအဓမ္မ ဖယ်ရှားခိုင်းတာ၊ ရိက္ခာဖြတ်တောက်တာတွေလည်း လုပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။
#ဧရာဝတီတိုင်း #ရေကြည် #သာပေါင်း #တိုက်ပွဲပြင်းထန် #အာရက္ခတပ်တော် #စစ်တပ်
#DeltaNewsAgency #DNA