
ချီဘာခရိုင်တစ်ခုလုံးမှာ အိမ်ခြေပေါင်း ၂၆,၀၀၀ နီးပါး မီးပြတ်နေတယ်လို့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးရုံးက ပြောပါတယ်။
၁၄ ၊ ဩဂုတ်
ဒီကနေ့ ဩဂုတ် ၁၄ရက်နေ့က တိုကျို နာယီတာ လေဆိပ်နားမှာ ရေကြီးပြီး သွားရေးလာရေးတွေ ပြတ်တောက်သွားခဲ့သလို အိမ်ခြေ ၂၀,၀၀၀ ကျော်လည်း မီးပြတ်သွားခဲ့တာကြောင့် လေဆိပ်မှာ ခရီးသည် ထောင်ပေါင်းများစွာ သောင်တင်နေခဲ့ပါတယ်။ ဒီမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၈ ယောက် သေဆုံးသွားခဲ့ပါတယ်။
ကြာသပတေးနေ့ ညနှောင်းပိုင်းက မိုးသည်းထန်စွာ ရွာခဲ့တာကြောင့် မြေပြိုနိုင်ခြေ သတိပေးချက်တွေနဲ့ မီးဘေးအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပြီး၊ မိုးလေဝသဌာနကလည်း ချီဘာ Chiba ဒေသအတွက် ပထမဆုံးအကြိမ်အဖြစ် အမြင့်ဆုံးအဆင့် မိုးကြီးနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
တိုကျိုမြို့နဲ့ ဆက်စပ်နေတဲ့ ချီဘာခရိုင်ရဲ့ အချို့ဒေသတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၃၆၀ မီလီမီတာထက်မက ရွာသွန်းခဲ့တာမို့ လမ်းတွေနဲ့ ရထားလမ်းတွေ ရေနစ်မြုပ်ခဲ့ရပါတယ်။
သေဆုံးသူတွေထဲမှာ ရေကြီးနေတဲ့ လမ်းပေါ်မှာ မျောပါနေတာကို တွေ့ခဲ့ရတဲ့ အသက် ၆၀ ဒါမှမဟုတ် ၇၀ အရွယ် အမျိုးသားတစ်ယောက်နဲ့၊ ရေမြုပ်နေတဲ့ ကားထဲမှာ ပိတ်မိနေခဲ့တဲ့ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ယောက် ပါဝင်တယ်လို့ ချီဘာခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးရုံးက ပြောပါတယ်။
တတိယမြောက် သေဆုံးသူကတော့ လမ်းပေါ်မှာ လဲကျသေဆုံးနေတာကို တွေ့ခဲ့ရတဲ့ အမျိုးသားတစ်ယောက်ဖြစ်ပြီး၊ ကျန်တဲ့ သေဆုံးသူတွေရဲ့ အသက်နဲ့ ကျား/မ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒါ့ပြင် ချီဘာခရိုင်တစ်ခုလုံးမှာ အိမ်ခြေပေါင်း ၂၆,၀၀၀ နီးပါး မီးပြတ်နေတယ်လို့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးရုံးက ပြောပါတယ်။
အိချိခါဝါ ၊ ခါရှိဝါ နဲ့ ဆာကူရာ စတဲ့ မြို့တွေမှာ အိမ်ခြေ ၄၅ လုံး ရေဝင်မြုပ်ခဲ့ပြီး၊ အိမ်ခြေ ၃၉ လုံးမှာတော့ ကြမ်းပြင်အောက်အထိ ရေဝင်ခဲ့ပါတယ်။
NHK သတင်းရဲ့ ဖော်ပြချက်အရ ရာပေါင်းများစွာသော လူတွေဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ညဖက် ခိုလှုံခဲ့ကြရပြီး၊ ခါရှိဝါမြို့မှာဆိုရင် ကားတွေရဲ့ ရှေ့မီးအထိ ရေမြုပ်နေတာကို တွေ့ရပါတယ်။
“ဒီဖြစ်စဉ်ဟာ ဂျပန်နိုင်ငံရဲ့ သမိုင်းဝင် ရာသီဥတု စံချိန်တွေနဲ့ ယှဉ်ရင်တောင် တကယ့်ကို ထူးထူးခြားခြား ကြုံရခဲတဲ့ အခြေအနေပါပဲ” လို့ ချီဘာခရိုင် အုပ်ချုပ်ရေးမှူး တိုရှိဟိတို ခူမာဂိုင်း က သောကြာနေ့မနက်ပိုင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။ “ကျွန်တော် သဘာဝဘေးအန္တရာယ်ပေါင်းများစွာကို ကိုင်တွယ်ခဲ့ဖူးပေမဲ့ ဒီလိုမျိုး အခြေအနေကိုတော့ တစ်ခါမှ မကြုံဖူးပါဘူး” လို့ ပြောသွားပါတယ်။
“ဒါဟာ စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းမှု အခြေအနေ ဖြစ်လာပါတယ်” လို့ ဂျပန် မိုးလေဝသဌာန (JMA) တာဝန်ရှိသူတစ်ယောက်က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေကတော့ လူတွေကြောင့် ဖြစ်လာတဲ့ ရာသီဥတု ပြောင်းလဲမှုတွေဟာ အခုလို ဆိုးရွားတဲ့ ရာသီဥတု ဖြစ်စဉ်တွေကို ပိုမိုမကြာခဏဖြစ်စေပြီး၊ ပိုမို ကြာရှည်ကာ ပိုမို ပြင်းထန်လာစေတယ်လို့ ထောက်ပြထားကြပါတယ်။
Ref – CNA
#ဂျပန် #မိုးစံချိန်တင်ရွာ #လူသေဆုံး #မိုးကြီး
#DeltaNewsAgency #DNA