တာကျိုးပြီး ခုနှစ်ရက်မြောက်နေ့မှာ ငသိုင်းချောင်းမြို့ကို ရေစတင်ရောက်ရှိ

“ရေက ရွှေဘိုတိုးချဲ့ဘက် အနိမ့်ပိုင်းတွေ စဝင်နေပြီ။လမ်းမတော်၊ တာလေး လမ်းဘေးဝဲယာတွေတော့ မဝင်သေးဘူး။ရေက ဆက်တိုးမယ့် သဘောတော့ ရှိတယ်”

၆၊ဩဂုတ်
ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့နယ်၊ မြစ်ကျိုးကျေးရွာအနီးက ငဝန်မြစ်ရေကာတာဟာ ဇူလိုင်လ ၃၀ ရက်ည ၁၁ နာရီကျော်က ကျိုးပေါက်ခဲ့ပြီး မြစ်ရေတွေဟာ တပတ်အကြာမှာ လေးမျက်နှာမြို့ကနေ ၁၇ မိုင်ကျော်ဝေးတဲ့ ငသိုင်းချောင်းမြို့ကို ဒီနေ့မနက် အစောပိုင်းမှာ ရေစတင်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

“ငါးသိုင်းချောင်း မြစ်ကျိုးအင်းထဲ မနေ့ကညနေက ရေစဝင်နေပြီး အင်းရဲ့ ရေလျှံပေါက်‌ မြောင်းပေါက်ကြီးတွေထဲ ရေစဝင်နေပါတယ်။ ဒီမနက်တော့ ရွာသစ်ကုန်းရိုး၊ ရိုးကြီး၊ မဲဇလီကုန်းနဲ့ တရုတ်သင်္ချိုင်းအနီး ပြွန်ပေါက်နဲ့ ရွှေဘိုရပ်ကွက် ပြွန်ပေါက်တွေထဲကို ရေဝင်လာပြီး သိသိသာသာ ရေတိုး‌နေပါတယ်။ ပတ်ဝန်းကျင် အနိမ့်ပိုင်းတချို့ ရေဝင်နေပြီး ရေနစ်မြုတ်အဆင့်တော့ မရောက်သေးပါဘူး”လို့ အသက်လေးဆယ်အရွယ် အမည်မဖေါ်လိုတဲ့ ငါးသိုင်းချောင်း ဒေသခံတဦးက ပြောပါတယ်။

မြစ်ကျိုးရေကာတာဟာ ပန်းတာအမျိုးအစားဖြစ်ပြီး စတင်ကျိုးပေါက်ချိန်က ပေ ၂၀ ကနေ ပေ ၃၀ ဝန်းကျင်သာ ရှိခဲ့ရာကနေ မြစ်ရေတိုးအား များတဲ့အတွက် အခုဆိုရင် ပေ ၂၀၀ နီးပါး ကျယ်သွားပြီ ဖြစ်ပြီး အဲဒီတာကျိုးပေါက်ကို ပြန်လည်ပိတ်နိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

ဒီတပတ်အတွင်းမှာလည်း မြန်မာနိုင်ငံ အထက်ပိုင်းမှာ မိုးက အဆက်မပြတ် ရွာသွန်းနေပြီး မြစ်ရေတွေဟာ ဧရာဝတီတိုင်းဆီ ဆက်လက် စီးဆင်းလာနေတဲ့အတွက် တာကျိုးပေါက်ကတဆင့် စီးဝင်လာပြီး ရေမြုပ်ဧရိယာဟာ တနေ့ထက် တနေ့ ပိုကျယ်ပြန်လာနေပါတယ်။

“ရေက ရွှေဘိုတိုးချဲ့ဘက် အနိမ့်ပိုင်းတွေ စဝင်နေပြီ။လမ်းမတော်၊ တာလေး လမ်းဘေးဝဲယာတွေတော့ မဝင်သေးဘူး။ရေက ဆက်တိုးမယ့် သဘောတော့ ရှိတယ်”လို့ ရွှေဘိုရပ်ကွက်မှာ နေထိုင်သူ တဦးက ပြောပါတယ်။

လက်တလောမှာ တိုင်းအစိုးရ အစီအမံနဲ့ တာကျိုးပေါက်ကို ဘေးဘောင်တမံတွေ တုပ်ပြီး သဲဖြည့်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ဒေသတွင်းက မြစ်သဲကျောက် လုပ်ငန်းရှင်တွေဆီကို ခွဲတမ်းချပြီး တာကျိုးပေါက်ကို ပြန်လည်ပိတ်နိုင်ဖို့ ပြင်နေတယ်လို့ သိရပါတယ်။