လေးမျက်နှာမှာ ရေဘေးကူနေတဲ့ ငသိုင်းချောင်းဒေသခံ လူငယ်တဦး ရေစီးနဲ့မျောပါသေဆုံး

“အရမ်းလိမ္မာပြီး ပရဟိတစိတ်ရှိတဲ့ကလေးလေးပါ၊ ပြန်တွေ့ ရမယ်ထင်နေတာ၊ တွေ့တော့အသက် မရှိတော့ဘူးတဲ့။ အရမ်းစိတ်မကောင်း ဖြစ်ရတယ်”

၆ ၊ ဩဂုတ်။

ငဝန်မြစ်တာဘောင်ကျိုးပြီး   ရေနစ်မြုပ်နေတဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာမှာ ရေဘေး သင့်ပြည်သူများကို ထမင်းထုတ်သွားလှူ၊ ကူညီနေတဲ့အဖွဲ့က အသက်နှစ်ဆယ်ကျော် မွတ်စလင် လူငယ်တဦး ရေစီးနဲ့ မျောပါကာ သေဆုံးသွားခဲ့ပါတယ်။

မနေ့က ဩဂုတ် ၅ရက် မနက်ပိုင်းမှာ အိုင်သပြုလမ်းဆုံနားမှာ ရေဘေးသင့်ပြည်သူတွေကို ထမင်းထုတ်ဝေပေး ပြီးအပြန်မှာ ရေစီးနဲ့မျောပါသွားခဲ့တာပါ။

“ကောင်လေးက ရေမကူးတတ်လို့ အရမ်းကူညီချင်လို့ လိုက်လာတာပြောတယ်။ ဒီကအဖွဲ့တွေနဲ့ ဝိုင်းရှာပြီးမှ နေ့ ခင်းပိုင်းမှ အလောင်းတွေ့တာ” လို့ အိုင်သပြုမှာ လူမှုကူညီရေးလုပ်နေတဲ့ အသင်းတခုမှ တာဝန်ရှိသူတဦးက ပြော ပါတယ်။

သေဆုံးသွားသူဟာ ငသိုင်းချောင်းမြို့ ၊ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် ကိုနေမင်းခန့် ဖြစ်ပါတယ်။

“အရမ်းလိမ္မာပြီး ပရဟိတစိတ်ရှိတဲ့ကလေးလေးပါ၊ ပြန်တွေ့ ရမယ်ထင်နေတာ၊ တွေ့တော့အသက် မရှိတော့ဘူးတဲ့။ အရမ်းစိတ်မကောင်း ဖြစ်ရတယ်” လို့ သေဆုံးသွားတဲ့ ကိုနေမင်းခန့်နဲ့ ရင်းနှီးသူ ငသိုင်းချောင်း ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

လေးမျက်နှာရေကြီးမှုအတွင်း နေအိမ်တွေရေနစ်မြုပ်ကာ သေဆုံးသူ ၂ ဦးထိရှိနေပြီး ပြီးခဲ့တဲ့ ဩဂုတ်လ နေ့ကလည်း လေးမျက်နှာမြို့ အမှတ်(၃)ရပ်ကွက်ရှိ နေကြီးနစ်မြုပ်နေတဲ့အိမ်တအိမ်ရဲ့အောက်ထပ်က အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ရုပ် အလောင်းတခု ကူညီရေးအဖွဲ့တွေ ရှာတွေ့ခဲ့ကြပါတယ်။

ဩဂုတ်လ ၄ ရက်နေ့မနက်ပိုင်းကလည်း ရေးဘေးသင့်ပြည်သူတွေကို ကူညီဖို့လာတဲ့ လူမှုကူညီရေးကားတစီးဟာ လေးမျက်နှာမြို့နယ် ခမောက်စုနဲ့ ဟင်္သာတမြို့နယ် နိဗ္ဗာန်ရွာအကြားမှာ တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါလာသူ ၆ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။

လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်ကျိုုးသွားတာဟာ တပတ်တိတိကြာမြင့်လာပြီဖြစ်ပြီး လေးမျက်နှာမြို့ နယ်တခုလုံးအပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်မြို့နယ်တွေထိပါ ရေကြီးနေကာ ရေဘေး သင့်ပြည်သူတွေ သောင်းချီရှီနေတာပါ။

လက်ရှိမှာ ကျိုးပေါက်သွားတဲ့ ငဝန်မြစ်တာဘောင်ကို ပြုပြင်နေကြပေမယ့် ရေမထိန်းနိုင်သေးဘဲ ရေတက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ရေဘေးကြောင့် ပြည်သူသောင်းချီ တိမ်းရှောင်နေကြရသလို စိုက်ပျိုးပြီးသား စပါးခင်းဧကသောင်းချီဟာလည်း ပျက် စီးနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။