
မီးလောင်မှု ဖြစ်ပွားချိန်မှာ ဆိုင်ရဲ့ အရေးပေါ်ထွက်ပေါက်တွေ ပိတ်ဆို့နေခဲ့တယ်လို့ ဆိုပါတယ်။
၁၃ ၊ ဇူလိုင်
ဘန်ကောက်မြို့၊ ချက်တူချက်ခရိုင်ထဲက Rong Beer Na Lat Phrao ဘီယာဆိုင်မှာ မနေ့ညပိုင်းက မီးလောင်မှုအတွင်း သေဆုံးသူ ၃၂ဦးရှိလာပြီလို့ Thai PBS သတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။
ဒီနေ့မနက်အစောပိုင်းကတော့ သေဆုံးသူ ၂၇ဦးလို့ ကနဦး ထုတ်ပြန်ခဲ့တာပါ။
ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုဌာန ထုတ်ပြန်ချက်အရ နောက်ထပ်လူပေါင်း ၇၃ ဦး ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက ၃၄ ဦးဟာ အမျိုးသားတွေဖြစ်ပြီး ၃၉ ဦးကတော့ အမျိုးသမီးတွေပါ။
အဆိုပါဆိုင်ဟာ မြို့ပတ်ရထားလမ်းကွန်ရက်တွေနဲ့ ချိတ်ဆက်ထားပြီး လူစည်ကားရာ ဘန်ကောက်မြို့မြောက်ပိုင်းမှာ တည်ရှိပြီး၊ ကုန်တိုက်ကြီး နှစ်ခုနဲ့ ကပ်လျက်ရှိတဲ့အပြင် ရုပ်ရှင်ရုံတွေနဲ့ နီးပြီး နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများအကြား ရေပန်းစားတဲ့ ချက်တူချက် အပတ်စဉ်ဈေးနဲ့လည်း လမ်းလျောက်သွားနိုင်တဲ့ အကွာအဝေးမှာ ရှိပါတယ်။
မီးဟာ ဆိုင်ရဲ့ ရှေ့စင်မြင့်ပိုင်းကနေ စတင်လောင်ကျွမ်းခဲ့ပြီး မြန်မြန်ဆန်ဆန် ကူးစက်သွားခဲ့တာကြောင့် လူအများအပြားဟာ မီးဖိုချောင်နဲ့ သန့်စင်ခန်းတွေရှိတဲ့ ဆိုင်အနောက်ဖက်ကို ထွက်ပြေးခဲ့ကြတယ်လို့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြောပြချက်ကို အခြေခံပြီး အာဏာပိုင်တွေက ပြောပါတယ်။
မီးလောင်မှု ဖြစ်ပွားချိန်မှာ ဆိုင်ရဲ့ အရေးပေါ်ထွက်ပေါက်တွေ ပိတ်ဆို့နေခဲ့တယ်လို့ ဆိုပါတယ်။
“မီးဘေးအတွက်အရေးပေါ် ထွက်ပေါက် နှစ်ခုရှိတဲ့ထဲမှာ တခုက မီးဖိုချောင်နားမှာ ရှိပါတယ်။ အဲဒီထွက်ပေါက်မှာ ဘီယာသေတ္တာတွေ ပိတ်ဆို့နေခဲ့ပါတယ်” လို့ ဘန်ကောက်မြို့တော်ဝန် Chadchart Sittipunt က သတင်းထောက်တွေကို ပြောပါတယ်။
အခြားအရေးပေါ်ထွက်ပေါက်တခုဟာလည်းစားပွဲတလုံးချထားတာကြောင့် ပိတ်နေပြီး လူတွေထွက်ပြေးကြတဲ့အခါ နှောင့်နှေးစေခဲ့တယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။
လက်ရှိမှာတော့ အာဏာပိုင်တွေအနေနဲ့ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။
Ref – ThaiPBS