
“အခုရက်ပိုင်း တော်တော်ဆိုးတယ်။ နေ့တိုင်း တရက်မပျက်ဘူး၊ လေယာဉ်နဲ့ ကြဲရင်ကြဲတယ်၊ မကြဲရင် နေဗီက ပစ်တယ်”
၁၀၊ ဇူလိုင်။
လွန်ခဲ့တဲ့ နှစ်ရက်ပဲ ဂွနဲ့ ကျိန္တလီမြို့တွေကို ဗုံးကြဲခဲ့အပြီး စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းမှာပဲ ဂွမြို့နယ်ထဲက ဓနိအုပ်စု ကုလားချောင်းကျေးရွာကို ထပ်မံဗုံးကြဲခဲ့တဲ့အတွက် သုံးဦးသေဆုံးပြီး နှစ်ဦး ဒါဏ်ရာ ရခဲ့ပါတယ်။
“မနက် ထမင်းစားခါနီးအချိန်မှာ ရုတ်တရက်လာကြဲသွားခဲ့တာပါ။ သုံးယောက် တခါတည်း သေသွားတယ်။ လက် တွေပြတ်သူပြတ်နဲ့ တော်တော်ဆိုးပါတယ်။ ဒဏ်ရာရတဲ့ နှစ်ယောက်ကလည်း ပြင်းတယ်” လို့ ဂွမြို့နယ်မှ လူမှုကူ ညီရေးလုပ်နေသူတဦးက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ သုံးနှစ်အရွယ် ကလေးငယ်တဦး ပါဝင်တယ်လို့ သိရပါတယ်။ စစ်တပ်ဟာ ဂွမြို့နယ်ထဲကို လေကြောင်းအပြင် ပင်လယ်ပြင်ကနေပါ လက်နက်ကြီးတွေနဲ့ ရက်ဆက်ပစ်ခတ်နေပြီး ဒီရက်ပိုင်းတွေအတွင်းမှာ အရပ်သားသေဆုံးမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။
“အခုရက်ပိုင်း တော်တော်ဆိုးတယ်။ နေ့တိုင်း တရက်မပျက်ဘူး၊ လေယာဉ်နဲ့ ကြဲရင်ကြဲတယ်၊ မကြဲရင် နေဗီက ပစ်တယ်” လို့ ဂွမြို့နယ် ကျိန္တလီမြို့မှ ဒေ သခံ အမျိုးသမီးတဦးက ပြောပါတယ်။ဂွမြို့နယ်အပြင် ဂွကမ်းခြေနဲ့ ဆက်စပ်နေတဲ့ ဧရာ၀တီတိုင်း ဘောမိကမ်းခြေကိုလည်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ဒါ့အပြင် စစ်တပ်ဟာ ရွှေသောင်ယံက ပြည်သူ့စစ်တွေကိုလည်း လက်နက်တွေနဲ့ စစ်ဝတ်စုံတွေ တပ်ဆင်ပေးထားပါသေးတယ်။
စစ်တပ်ဟာ ရိုးမတောင်ခြေက တပ်စခန်း ငါးခုထက်မနည်း လက်လွှတ်ထားရသလို အမတ ၃၄၄ အနီး ဝန်းကျင်က တပ်စခန်းတွေလည်း ဆက်တိုက် လက်လွှတ်နေရပါတယ်။ အဲဒါကြောင့် အရပ်သား လူနေကျေးရွာတွေ အနီးမှာ စစ်စခန်းချတာတွေ ရွာသားတွေကို အတင်းအဓမ္မ ဖယ်ရှားခိုင်းတာ၊ ရိက္ခာ ဖြတ်တောက်တာတွေလည်း လုပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။