
“ရွှေသောင်ယံ ပြည်သူ့စစ်တွေကို လက်နက်တပ်ပေးတဲ့ နေ့ပဲ ။ ပင်လယ်ကနေ လက်နက်ကြီးတွေနဲ့ လျှောက်ပစ်တယ်။
၁၀၊ ဇူလိုင်။
ရွှေသောင်ယံကျေးရွာမှာ ဖွဲ့ထားတဲ့ ပြည်သူ့စစ်တွေကို ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)ထဲကိုခေါ်ပြီး စစ်ဝတ်စုံတွေအပြင် လက်နက်တွေပါ တပ်ဆင်ပေးခဲ့တယ်လို့ ဇူလိုင်လ ၈ ရက်နေ့က နိုင်ငံပိုင် သတင်းစာမှာ ဖေါ်ပြခဲ့ပါတယ်။ရွှေသောင်ယံဒေသခံတွေကတော့ အင်အားငါးဆယ်ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။
“အင်အားကတော့ သိပ်ရှိမယ် မထင်ဘူး။ ဒီမှာ ဖွဲ့ထားတဲ့ လူတိုင်း သွားတာလည်း မဟုတ်ဘူးလေ။ တချို့ ပြည်သူ့စစ်က ထွက်သွားတဲ့ သူတွေရှိတယ်။ အစတုန်းက ပါပြီး နောက်မှ မပါချင်လို့ ထွက်ပြေးသွားတဲ့ သူတွေ အခွင့်အရေးလေး ၊ အာဏာလေး ရမလား လုပ်တဲ့သူတွေပဲ ကျန်တာပါ”လို့ အမည်မဖေါ်လိုတဲ့ ရွှေသောင်ယံ ဒေသခံက ပြောပါတယ်။ အခု နတခထဲကို ခေါ်ပြီး လက်နက်တပ်ဆင်ပေးသူ ငါးဆယ်ဝန်းကျင်ရှိမယ်လို့လည်း သူက ခန့်မှန်းပါတယ်။
စစ်တပ်ဟာ ရေကြည်မြို့နယ်ထဲမှာ တပ်စခန်းတချို့ လက်လွှတ်ထားရပြီး ရခိုင်ဘက်ကို ထိုးတဲ့စစ်ကြောင်းကလည်း ရှေ့မတိုးနိုင်တဲ့အတွက် အခုလို ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင် ပေးထားသလို ကမ်းရိုးတန်း တလျှောက်မှာလည်း စစ်သင်္ဘောတွေ အများအပြား နေရာချထားတယ်လို့ သိရပါတယ်။
“ရွှေသောင်ယံ ပြည်သူ့စစ်တွေကို လက်နက်တပ်ပေးတဲ့ နေ့ပဲ ။ ပင်လယ်ကနေ လက်နက်ကြီးတွေနဲ့ လျှောက်ပစ်တယ်။ ဒီကနေ ကမ်းခြေအတိုင်း ရခိုင်ဘက်ကို ထိုးစစ်လုပ်ဖို့ ပြင်ဆင်တာ ထင်တယ်။ စစ်ကားတွေလည်း ပြင်နေကြတယ် ကြားတယ်” ဒေသခံက ပြောပါတယ်။
အဲဒီလိုလက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဂွမြို့နယ်အတွင်း ကလေးငယ်အပါအဝင် ထိခိုက်၊ သေဆုံးသူတွေပါ ရှိခဲ့ ပါတယ်။ ရွှေသောင်ယံ ကမ်းခြေတလျှောက်နဲ့ ဂွကမ်းခြေတလျှောက်မှာ စစ်သင်္ဘော ဆယ်စီးဝန်းကျင်ရောက်နေတယ်လို့ ဒေ သခံတွေက ဆိုပါတယ်။
အဲဒီစစ်သေင်္ဘာတွေထဲက လေးစီးဟာ ဇူလိုင်လ ၈ ရက်နေ့ မနက်ကနေ နေ့လယ်ထိ ဂွ ကမ်းခြေနဲ့ ဧရာ၀တီတိုင်း ဘောမိကမ်းခြေတလျှောက် လက်နက်ကြီးနဲ့ ၈၇ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော်နဲ့ ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကတော့ ဇွန်နဲ့ ဇူလိုင်လတွေ ထဲမှာပဲ ရေကြည်မြို့နယ် ဘိုးတော်ချောင်းဖျား ဒေသက တပ်စခန်း ငါးခု ၊ ရေကြည် အမြောက်တပ် အမတ ၃၄၄ အနီးဝန်းကျင်က တပ်စခန်း ၁၀ ခုထက် မနည်းကို သိမ်းပိုက်ရထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“ကုန်းကြောင်းကနေ ရခိုင်ဘက်ကို စစ်ကြောင်းထိုးတာ မအောင်မြင်တော့ ရေကြောင်းကနေ ရမလားစမ်းနေတာ။ အခုနေဗီတွေ အများကြီး၊ တဆယ်လောက်ရှိမယ်ထင်တယ် ကမ်းခြေတလျှောက်လုံးမှာဆိုရင်။ ဒါပေမယ့် ဒီကောင် တွေ ကမ်းတက်ဖို့ဆိုတာ ဖြစ်နိုင်မယ်မထင်ဘူး” လို့ ဂွမြို့နယ်မှ စစ်ရေးနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ဟာ ရိုးမတောင်ခြေတလျှောက် ရှေ့တန်းစခန်းတွေ၊ ရေကြည်မြို့နယ် မြောက်စမ်းအ မြောက်တပ် အမတ ၃၄၄ တပ်ရင်းနဲ့ အဲဒီအနီးတဝိုက် ပုသိမ် – မုံရွာကားလမ်းမပေါ် တပ်စခန်းတွေဆီကို အင်အား ဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။