
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာဟာ အာဆီယံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ရှိနေဆဲပဲလို့ အလေးအနက်ပြောပြီး၊ တနင်္ဂနွေနေ့ အစည်းအဝေးဟာ တရားဝင်မဟုတ်တဲ့ အလွတ်သဘောအစည်းအဝေးမို့လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ တိုင်းပြည်အခြေအနေကို တခြားနိုင်ငံခြားရေးဝန်ကြီးတွေကို ရှင်းပြခွင့်ရမှာပါလို့ ဆိုပါတယ်။
၁၀ ၊ ဇူလိုင်
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ မကြာခင် တွေ့ဖို့ရှိပြီး၊ အဲဒီအစည်းအဝေးမှာ မြန်မာ့ပြည်တွင်းစစ်ကိစ္စနဲ့ အာဆီယံအဖွဲ့နဲ့ ငါးနှစ်ကြာ အလှမ်းဝေးပြီးနောက်ဘယ်လိုထိတွေ့ဆက်ဆံမလဲဆိုတာ ဆွေးနွေးသွားမယ်လို့ ဖိလစ်ပိုင်က သောကြာနေ့ (ဇူလိုင် ၁၀) မှာ ပြောလိုက်ပါတယ်။
အခု အာဆီယံအလှည့်ကျဥက္ကဋ္ဌ လုပ်နေတဲ့ ဖိလစ်ပိုင်ကပဲ လာမယ့်တနင်္ဂနွေနေ့ ဘန်ကောက်မှာလုပ်မယ့် အစည်းအဝေးကို ဦးဆောင်မှာပါ။ ဒါဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ပဋိပက္ခတွေကြောင့် စစ်ခေါင်းဆောင်တွေကို အာဆီယံထိပ်သီးအစည်းအဝေးတွေကနေ ချန်လှပ်ထားခဲ့ပြီးနောက်ပိုင်း၊ မြန်မာ့ထိပ်တန်းသံတမန်နဲ့ ပထမဆုံးအကြိမ် လူကိုယ်တိုင် ပြန်တွေ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပေါင်း၆၀အတွင်း နှစ် ၅၀လောက် မြန်မာပြည်ကို အုပ်ချုပ်ခဲ့တဲ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် နိုင်ငံတွင်းမှာ ပရမ်းပတာဖြစ်ခဲ့ရပါတယ်။ ဆန္ဒပြပွဲတွေကို နှိမ်နင်းရာကနေ ပြည်တွင်းစစ်ဖြစ်လာပြီး လူပေါင်း ၁ သိန်းလောက် သေဆုံးကာ သန်းနဲ့ချီတဲ့လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို၊ စစ်တပ်ကလည်း ရက်စက်ကြမ်းကြုတ်မှုတွေ အများကြီး ကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။
ဒါပေမဲ့ မြန်မာစစ်တပ်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းထားပါတယ်။ အခုတော့ ဒီနှစ်ဆန်းပိုင်းကလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပြီးမှာ အရပ်သားအစိုးရလို့ အမည်တပ်ထားတဲ့အဖွဲ့က အုပ်ချုပ်နေပြီး၊ စစ်တပ်အကြီးအကဲဟောင်း မင်းအောင်လှိုင်က သမ္မတ ရာထူးကို ရယူထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာဟာ အာဆီယံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ရှိနေဆဲပဲလို့ အလေးအနက်ပြောပြီး၊ တနင်္ဂနွေနေ့ အစည်းအဝေးဟာ တရားဝင်မဟုတ်တဲ့ အလွတ်သဘောအစည်းအဝေးမို့လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ တိုင်းပြည်အခြေအနေကို တခြားနိုင်ငံခြားရေးဝန်ကြီးတွေကို ရှင်းပြခွင့်ရမှာပါလို့ ဆိုပါတယ်။
သူတို့ထုတ်ပြန်ချက်ထဲမှာတော့ “အာဆီယံက မြန်မာနဲ့ ဘယ်လိုထိတွေ့ဆက်ဆံမလဲဆိုတာရယ်၊ နောက်ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ သက်ဆိုင်သူတွေကြား အပြုသဘောဆောင် ဆွေးနွေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ စတဲ့ စိုးရိမ်ပူပန်မှုတွေကို မြန်မာဘက်က ကိုင်တွယ်ဖြေရှင်းနိုင်မယ့် လက်တွေ့ကျတဲ့ ခြေလှမ်းတွေအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြဖို့ မျှော်လင့်ရပါတယ်” လို့ ပြောထားပါတယ်။