
“လူမိုက်လိုလို ကောင်တွေကို ဖမ်းလိုက်တော့ စည်ပင်ရဲက တစခန်းထလာပြီး သူတို့ကိုယ်တိုင် ကားတွေ လိုက်ဖမ်းတော့တာ”
၃၊ ဇူလိုင်
ရန်ကုန်တိုင်းအတွင်း အောင်မင်္ဂလာနဲ့ ဒဂုံဧရာအဝေးပြေးကားဝင်းတွေမှာ အပြင်ကားတွေကို ဖမ်းဆီးငွေညှစ်တာ၊ ခရီးသွားလူငယ်တွေကို ပေါ်တာဆွဲတာတွေ ဆိုးရွားစွာဖြစ်နေပါတယ်။
ရန်ကုန်ကနေ ဧရာဝတီတိုင်းကို ပြေးဆွဲနေတဲ့ ဒဂုံဧရာအဝေးပြေးကားဝင်းမှာ ခရီးသွားလူ ငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးကာ စစ်မူထမ်းဖို့ လူစုဆောင်းတာတွေ ရှိနေတယ်လို့ အဲဒီကားဝင်းအတွင်း အထိုင်ချ ပြေးဆွဲနေတဲ့ အငှားယာဥ်မောင်း တဦးကပြောပါတယ်။
“အုပ်စုနဲ့ စီးပွားဖြစ်သဘော လုပ်နေတာ၊ မအူမလည် လူငယ်တွေကို ကားပေါ်ဆွဲတင်တာ၊ အိမ်ကတတ်နိူင်ရင် ပိုက်ဆံပေးပြီး ပြန်ရွေး ။ မဟုတ်ရင် စစ်မူထမ်းဖို့ ရောင်းခံရမှာ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ လူမိုက်လိုလို အရပ်ဝတ်နဲ့ပဲ” လို့ ပြောပါတယ်။
အဲဒီလို လုပ်နေတဲ့အတွက် ကားဝင်းထဲက ယာဥ်လိုင်း ဂိတ်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ လူငယ်တွေပါ သတိထား သွားလာနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အောင်မင်္ဂလာ အဝေးပြေး ကားဝင်းအတွင်းမှာလည်း လမ်းဘေးရပ်နားတဲ့ အပြင်ကားတွေကို စည်ပင်ရဲတွေက လှည့်လည်ဖမ်း ဆီးပြီး ငွေညှစ်တာတွေ ပေါ်ပေါ်ထင်ထင် လုပ်နေတယ်လို့ အဲဒီကားဝင်းထဲမှာ ဆိုင်ခန်းဖွင့်လှစ်ထားသူတွေက ပြောပါတယ်။
အခုလို အပြင်ကားတွေဆီက ငွေညှစ်တာကို အရင်က လူခေါ်ပွဲစားတွေက လူမိုက်ဆန်ဆန် လုပ်နေတာဖြစ်ပြီး နောက်ပိုင်းမှာ တာဝန်ကျ စည်ပင်ရဲတွေကိုယ်တိုင် လုပ်လာတာလို့ ဆိုပါတယ်။
“လူမိုက်လိုလို ကောင်တွေကို ဖမ်းလိုက်တော့ စည်ပင်ရဲက တစခန်းထလာပြီး သူတို့ကိုယ်တိုင် ကားတွေ လိုက်ဖမ်းတော့တာ” လို့ အောင်မင်္ဂလာကားဝင်းထဲမှာ အခြေချနေထိုင်သူ တဦးကပြောပါတယ်။
အရင်က လူခေါ်ပွဲစားတွေဟာ ကားတွေဆီက ငွေညှစ်ပြီး စည်ပင်ရဲ အပါအဝင် တာဝန်ကျ အဖွဲ့အစည်းတွေနဲ့ ခွဲဝေယူတာ ဖြစ်ပြီး မိုက်ကြေးခွဲ စီးပွားရှာနေတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာပြီးနောက် လူခေါ်ပွဲစား ခေါင်းဆောင်တွေကို ဖမ်းဆီးအရေးယူတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် လူခေါ်ပွဲစားတွေ ငြိမ်သွားချိန်မှာ တာဝန်ကျ စည်ပင်ရဲတွေကိုယ်တိုင် ဖမ်းဆီးငွေညှစ်နေတာဖြစ်ပြီး ခဏတဖြုတ် ရပ်မိတဲ့ကားတွေကို ကျပ်သုံးသောင်းထက်မနည်း ပေးနေကြရတယ်လို့ ကိုယ်တိုင်တွေ့မြင်ခဲ့သူတွေက ပြောပါတယ်။
အောင်မင်္ဂလာအဝေးပြေးမှာ စည်ပင်သာယာဌာန လက်အောက်မှာ ရှိတာဖြစ်တဲ့ စည်ပင်ရဲတွေကိုလုံ ခြုံရေးယူခိုင်းထားတာဖြစ်ပြီး ၃လတကြိမ်လူချိန်းလေ့ရှိတယ်လို့ ဆိုပါတယ်။
အောင်မင်္ဂလာကားဝင်းမှာ အရင်က အုပ်ချုပ်ရေးပိုင်းက သူတွေက ခရီးသွားလူငယ်တွေကို ဖမ်းဆီးကာ စစ်မူထမ်းဖို့ ရောင်းစားတာတွေရှိခဲ့ပြီး အခုနောက်ပိုင်း ကားဝင်းအုပ်ချုပ်ရေးမှူး အစားထိုး ပြောင်းလိုက်ပြီးတော့မှ ဖမ်းဆီးခေါ်ဆောင်တာ မတွေ့ရတော့ဘူးလို့ အဲဒီမှာနေထိုင်သူတွေဆီက သိရပါတယ်။