နတ်ရေကန်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းအားကိုး ခုခံနေရ

“နတ်ရေကန်ကျရင် ကပစတွေဆီ ရောက်ပြီ။ မကွေးတိုင်းထဲမှာ စစ်ပွဲဧရိယာ ကျယ်သွားမယ်။ ပဲခူး၊ ပန်းတောင်းတို့ ဘက်က ကပစတိုက်ပွဲတွေနဲ့လည်း ချိတ်သွားမှာ။ ဒါကြောင့်လည်း အသေအလဲကာကွယ်နေတာ”

၃၊ ဇူလိုင်။

ရခိုင် – မကွေးအစပ် ရိုးမပေါ်မှာရှိတဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေး ဗျူဟာကုန်း အနီးဝန်းကျင်မှာ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းအားကိုး ခုခံနေရပါတယ်။

နတ်ရေကန် ပင်မဗျူဟာ ကုန်းတခုသာ ကျန်တော့ပြီး အနီးပတ်လည် ကာကင်းစခန်းအားလုံးကို သိမ်းပိုက်ထားပြီး ဥသျှစ်ပင်မြို့ အနီးချဉ်းကပ်လာတဲ့ AA ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲဖြစ်ပွားနေတာပါ။

“ဂုတ်ကြီးအနားမှာ တိုက်ပွဲပြင်းနေတယ်။ စကစက ဂုတ်ကြီးကနေ နတ်ရေကန်ဗျူဟာကုန်းဘက်ကို တက်ဖို့ ကြိုး စားနေတာ တပ်မတခုလုံး၊ တခြားတပ်ရင်းတွေရောနဲ့ အင်အားအများကြီးသုံးတိုက်နေတယ်။ ဒါပေမယ့် သူတို့အ ထိနာနေတယ်လို့ ပြောလို့ရတယ်။ လေယာဉ်တအားသုံးလာတယ် အခုနောက်ပိုင်း” လို့ AA နဲ့နီးစပ်တဲ့ မြေပြင်သ တင်းရင်းမြစ် ကိုသန်းစိုးက ပြောပါတယ်။

နတ်ရေကန်ဗျူဟာကုန်းနှင့် နှစ်မိုင်ကျော်အကွာ ဂုတ်ကြီးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဟာ ဂုတ်ကြီးကနေ ရှေ့မတိုးနိုင်ဖြစ်နေကာ ဒီရက်သတ္တ နှစ်ပတ် တိုက်ပွဲအတွင်း အလောင်းအချို့နဲ့ လက်နက်ချ အလင်းဝင်လာသူ အချို့ ရှိနေတယ်လို့ ဆိုပါတယ်။

AA ပူးပေါင်းတပ်ဖွဲ့ဟာ နတ်ရေကန် ဗျူဟာကုန်းအနီးရှိ အရေးပါတဲ့ တာဝါတိုင်ကုန်း အပါအဝင် ကာကင်းစခန်း အားလုံးကို သိမ်းပိုက်ထားပြီး နတ်ရေကန် ပင်မစခန်းဆီ ရိက္ခာ၊ လက်နက်ပို့မရအောင် ပိတ်ဆို့ထားတာပါ။

“နတ်ရေကန်က ကောင်တွေက ငတ်လို့ သေတဲ့ကောင်တွေ သေနေကြပြီ။ လနဲ့ချီနေပြီလေ ဘာမှလုပ်မရတာ။ အ ပေါ်က ချပေးတာနည်းနည်းနဲ့ အသက်ရှင်နေကြတာ။ မကြာတော့ဘူး။ ဒီကောင်တွေကို တိုက်စရာတောင် မလို၊ ဒီ အတိုင်း ကျသွားမှာ။ တိုက်ပွဲမှာ အဓိကရိက္ခာပဲ” လို့ AA နဲ့ နီးစပ်တဲ့ နောက်ထပ်သတင်းရင်းမြစ်တဦးက ပြောပါ တယ်။

အဲဒီလို ပင်မစခန်းထဲ ပိတ်မိနေကြတာကြောင့် အင်အားအလုံးအရင်းသုံးကာ တန်ပြန်ထိုးစစ်ဆင်လုပ်နေတာဖြစ်ပြီး အဲဒီတိုက်ပွဲတွေအတွင်း တပ်သားအင်အား ရာချီထိခိုက်၊ သေဆုံးခဲ့ရပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။

“နတ်ရေကန်ကို ပြန်တက်ဖို့ကြိုးစားတာ ခုနစ်လလောက်ရှိပြီ။ မနှစ်က ဒီဇင်ဘာကတည်းက။ အခုထိ ဒီကောင် တွေ ဘာမှမရွေ့နိုင်ဘူး” လို့ ကိုသန်းစိုးက ပြောပါတယ်။

နတ်ရေကန်စခန်းဟာ ရခိုင်ဘက်ကနေ ဝင်လာတဲ့ AA ပူးပေါင်းအဖွဲ့ကို မကွေးတိုင်းဝင်ပေါက် အဓိကကာကင်း

စခန်းကြီးတခုဖြစ်ပြီး အဲဒီစခန်းကို သိမ်းပိုက်ရရှိပြီးရင် မကွေးတိုင်းမြို့တွေနဲ့ ပုသိမ် – မုံရွာလမ်းတလျှောက်ရှိ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံတွေဆီ ထိုးစစ်တိုက်ရိုက်ရောက်ကာ ချိတ်ဆက်သွားမှာ ဖြစ်တယ်လို့ စစ်ရေးလေ့ လာသူတွေက ပြောကြပါတယ်။

“နတ်ရေကန်ကျရင် ကပစတွေဆီ ရောက်ပြီ။ မကွေးတိုင်းထဲမှာ စစ်ပွဲဧရိယာ ကျယ်သွားမယ်။ ပဲခူး၊ ပန်းတောင်းတို့ ဘက်က ကပစတိုက်ပွဲတွေနဲ့လည်း ချိတ်သွားမှာ။ ဒါကြောင့်လည်း အသေအလဲကာကွယ်နေတာ” လို့ ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။

AA ပူးပေါင်းတပ်ဖွဲ့ဟာ နတ်ရေကန်ဗျူဟာကုန်းကို တိုက်ခိုက်နေသလို ဧရာ၀တီတိုင်းနဲ့ ဆက်စပ်နေတဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အတွင်းရှိ ကပစစက်ရုံတွေကို တိုက်ခိုက်နေပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားတဲ့ AA ဟာ ရိုးမရှေ့ဘက်ခြမ်းရှိ ဒေသခံကာကွယ် ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ရိုးမရှေ့ဘက်ခြမ်းရှိ မကွေးတိုင်း ပဒါန်းမြို့နယ်၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်နဲ့ ဧရာ၀တီတိုင်း လေးမျက်နှာ၊ ရေကြည်၊ သာပေါင်းမြို့နယ်တို့အတွင်းရှိ စစ်တပ်စခန်းတွေကို တိုက်ခိုက်နေပါတယ်။