
ဗြိတိန်ဟာ ကြွေးမြီနဲ့ အတိုးပေးဆပ်မှု မြင့်မားတာ၊ နှစ်ပေါင်းများစွာ စီးပွားရေး တိုးတက်မှု နှေးကွေးနေတာ၊ အစိုးရအသုံးစရိတ် ဖြတ်တောက်ဖို့ ရုန်းကန်နေရတာနဲ့ ကာကွယ်ရေးလို ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ချက်တွေကြောင့် G7 နိုင်ငံကြီးတွေထဲမှာ ချေးငွေစရိတ် အမြင့်မားဆုံး ဖြစ်နေပါတယ်။
၂၃၊ ဇွန်။
ဝန်ကြီးချုပ် စတာမာက သူ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ တနင်္လာနေ့မှာ ပြောကြားလိုက်ပြီး ရေပန်းအစားဆုံး ဖြစ်နေတဲ့ အင်ဒီ ဘန်ဟမ်ဆီကို အာဏာစနစ်တကျ လွှဲပြောင်းပေးနိုင်ဖို့လမ်းခင်းပေးလိုက်ပါတယ်။ ဘန်ဟမ်ဟာ လာမယ့်လလောက်မှာတင် ၁၀ နှစ်အတွင်း ဗြိတိန်ရဲ့သတ္တမမြောက် ခေါင်းဆောင် ဖြစ်လာနိုင်ခြေ ရှိပါတယ်။
မိန့်ခွန်းထဲမှာ စတာမာက သူဟာ အုပ်ချုပ်သူ လေဘာပါတီရဲ့ အသံကို နားထောင်ခဲ့ပြီး ၂၀၂၉ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ပါတီကို ဦးဆောင်ပြီး ဝင်မယ့်သူဟာ သူ မဖြစ်သင့်တော့ဘူးဆိုတာကို သဘောပေါက်သွားခဲ့တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အခုလို ကြေညာချက် ထုတ်ပြန်ပြီးတဲ့နောက် စတာမာရဲ့ ရာထူးက ဆင်းပေးမှုဟာ ပါတီတွင်းသဘောထားကွဲလွဲစရာ ခေါင်းဆောင်မှု ပြိုင်ပွဲတခုကို ဖြစ်လာစေနိုင်ပေမဲ့ လေဘာပါတီလွှတ်တော်အမတ် တော်တော်များများကတော့ ပြိုင်ဆိုင်မှုထက် တညီတညွတ်တည်း တင်မြှောက်တဲ့ပွဲ ပုံစံမျိုးပဲ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
သက်တမ်းရင့် နိုင်ငံရေးသမားတဦးဖြစ်တဲ့ အသက် ၅၆ နှစ်အရွယ် ဘန်ဟမ်ဟာ ခေါင်းဆောင်နေရာအတွက် ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဝန်ကြီးဟောင်း ဝက်စ် စထရီးတင်းရဲ့ထောက်ခံမှုကို ချက်ချင်းရရှိခဲ့ပြီး လေဘာအမတ်တဦးကလည်း မြို့တော်ဝန်ဟောင်း ဘန်ဟမ်ဟာအခုအချိန်မှာ ခေါင်းဆောင်အဖြစ် တင်မြှောက်ခံရဖို့ ပိုပြီး သေချာသလောက် ရှိနေပြီလို့ ပြောပါတယ်။
သူဟာ လေဘာပါတီအမတ်တွေရဲ့ အားပေးကြိုဆိုသံတွေ၊ အတိုက်အခံတွေဘက်က “သူကကယ်တင်ရှင် မဟုတ်ဘူး” လို့ လှမ်းအော်တာအပါအဝင် ရံဖန်ရံခါ နှောင့်ယှက်သံတွေကြားထဲကနေ လွှတ်တော်ထဲကို ဝင်လာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သူဟာ လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ဘုရင် ချားလ်စ်အပေါ်သစ္စာစောင့်သိရိုသေမှာ ဖြစ်တယ်လို့ ကတိသစ္စာပြုခဲ့ပါတယ်။ ဒါဟာ လေဘာပါတီနဲ့ ဗြိတိန်ရဲ့ခေါင်းဆောင်သစ် ဖြစ်လာဖို့အတွက် လုပ်ဆောင်ရမယ့် မဖြစ်မနေ အဆင့်တခု ဖြစ်ပါတယ်။
ဥရောပသမဂ္ဂကနေ နုတ်ထွက်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ပြီး ၁၀ နှစ်အကြာမှာ နိုင်ငံရေးသမားတွေဟာ သူတို့ကတိပေးထားတဲ့ ပြောင်းလဲမှုတွေကို မဖော်ဆောင်ပေးနိုင်တဲ့အတွက် မဲဆန္ဒရှင်တွေရဲ့ ဒေါသနဲ့ ရင်ဆိုင်ရပြီး ပြုတ်ကျသွားတဲ့ အစိုးရတွေထဲမှာ လေဘာအစိုးရဟာ နောက်ဆုံးအစိုးရ ဖြစ်လာပါတယ်။
သူ့နေရာမှာ အစားထိုးမယ့်သူကို ရှာဖို့ အတွက် အချိန်ဇယားတခု သတ်မှတ်ပေးဖို့ လေဘာပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီကို တောင်းဆိုသွားမယ်လို့ စတာမာကပြောပါတယ်။
အမည်စာရင်း တင်သွင်းမှုကို ဇူလိုင် ၉ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး ဇူလိုင်လလယ်မှာ ပိတ်မှာဖြစ်ပါတယ်။ တကယ်လို့ ယှဉ်ပြိုင်စရာ ဖြစ်လာရင်တော့ စက်တင်ဘာလကျမှ ခေါင်းဆောင်သစ်ထွက်လာမှာ ဖြစ်ပေမဲ့ တညီတညွတ်တည်း တင်မြှောက်ကြမယ်ဆိုရင်တော့ ဇူလိုင်လလယ်လောက်မှာတင် ခေါင်းဆောင်သစ် ရာထူးတက်နိုင်မှာ ဖြစ်ပါတယ်။
“ကျွန်တော့်ရဲ့ ပါတီက အခု မေးနေတဲ့ မေးခွန်းကတော့ လာမယ့် အထွေထွေရွေးကောက်ပွဲမှာကျွန်တော်က ဆက်ပြီး ဦးဆောင်ဖို့ အသင့်တော်ဆုံးပုဂ္ဂိုလ် ဟုတ်မဟုတ် ဆိုတာပါပဲ။ လွှတ်တော်ထဲက ကျွန်တော့်ပါတီဝင်တွေဆီကနေ အဲဒီမေးခွန်းရဲ့ အဖြေကို ကျွန်တော် ကြားသိရပြီးပါပြီ၊ ဒီအဖြေကိုလည်း ကျွန်တော် ကြည်ကြည်ဖြူဖြူပဲ လက်ခံပါတယ်” လို့ သူက ပြောပါတယ်။
သူ့ရဲ့ ၂ နှစ်တာ အာဏာရသက်တမ်းအတွင်း အစိုးရက ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ပြောပြပြီးတဲ့နောက်မှာတော့ စက်ရုပ်လို အေးစက်လှတယ်လို့ ခဏခဏ ဝေဖန်ခံရလေ့ရှိတဲ့ ဝန်ကြီးချုပ်ဟာ သူ့ကို ပံ့ပိုးပေးခဲ့တဲ့ မိသားစုကို ကျေးဇူးတင်စကား ပြောတဲ့အချိန်မှာအသံတွေပါ တုန်ရင်နေခဲ့ပါတယ်။
“ဒီနိုင်ငံရဲ့ အကြီးမားဆုံး အလုပ်ကနေ ထွက်ခွာပြီးတဲ့နောက်မှာတော့ အရေးအကြီးဆုံးအလုပ်ဖြစ်တဲ့ အလုပ်ကိုပဲ အချိန်ပိုပေးတော့မှာပါ။ အဲဒါကတော့ အကောင်း၊ အဆိုး အခြေအနေအားလုံးမှာ ကျွန်တော့်ဘေးနားကနေ ကျောက်ဆောင်တခုလို မြဲမြံစွာ ရှိနေပေးခဲ့တဲ့ ကျွန်တော့်ရဲ့အံ့ဩစရာဇနီးသည် ဗစ် (ဗစ်တိုးရီးယား) အတွက် အကောင်းဆုံး ခင်ပွန်းတယောက် ဖြစ်အောင်ကြိုးစားဖို့နဲ့ ကျွန်တော့်ရဲ့ ဂုဏ်ယူရတဲ့၊ ပျော်ရွှင်ရတဲ့ ချစ်စရာ သားသမီးတွေအတွက် အကောင်းဆုံး ဖခင်တယောက် ဖြစ်အောင် လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
စတာမာဟာ သူ့ရဲ့ အနာဂတ်ကို စဉ်းစားဖို့အတွက် ပြီးခဲ့တဲ့ ပိတ်ရက်ကို ဇနီးဖြစ်သူ ဗစ်တိုးရီးယားနဲ့အတူ ကျေးလက်က သူ့ရဲ့အပန်းဖြေအိမ်မှာ ဖြတ်သန်းခဲ့ပါတယ်။ ထောက်ခံမှုတွေ လျော့နည်းလာတာနဲ့အမျှ သူဟာ သူ့ရဲ့ နိုင်ငံရေး ရပ်တည်ချက် လက်ရှိအခြေအနေအမှန်ကို သဘောပေါက်သွားခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်ဟာ ကြွေးမြီနဲ့ အတိုးပေးဆပ်မှု မြင့်မားတာ၊ နှစ်ပေါင်းများစွာ စီးပွားရေး တိုးတက်မှု နှေးကွေးနေတာ၊ အစိုးရအသုံးစရိတ် ဖြတ်တောက်ဖို့ ရုန်းကန်နေရတာနဲ့ ကာကွယ်ရေးလို ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ချက်တွေကြောင့် G7 နိုင်ငံကြီးတွေထဲမှာ ချေးငွေစရိတ် အမြင့်မားဆုံး ဖြစ်နေပါတယ်။
Ref – Reuters