ခြောက်လအတွင်း မြန်မာစစ်တပ်ကြောင့် အရပ်သား ၇၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ကုလ​ပြော

နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုတွေ လျော့နည်းလာတာဟာ သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ဆင်းရဲဒုက္ခကို ပိုပြီး ဆိုးရွားစေတယ်လို့လည်း အစီရင်ခံစာက သတိပေးထားပါတယ်

 

၂၃၊ ဇွန်။

 

ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်တဲ့ ခြောက်လတာကာလအတွင်းအရပ်သား ၇၀၀ ကျော် သေဆုံးခဲ့ရမှုအတွက် မြန်မာစစ်တပ်မှာ တာဝန်ရှိတယ်လို့ကုလသမဂ္ဂက ပြောပါတယ်။

 

ဩဂုတ်လကနေ ဇန်နဝါရီလအထိ ကာလကို ပြုစုထားတဲ့ အစီရင်ခံစာအသစ်အရ အမျိုးသမီး ၂၂၄ ဦးနဲ့ ကလေး ၁၅၃ ဦး အပါအဝင် အနည်းဆုံး လူပေါင်း ၇၀၂ယောက် သေဆုံးခဲ့ရတယ်ဆိုတာကို ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက အတည်ပြုထားတယ်လို့ ဆိုပါတယ်။

 

လွန်ခဲ့တဲ့ ငါးနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာခဲ့တဲ့ အချိန်ကစပြီး နောက်ထပ် ခြောက်လတာကာလကို ခြုံငုံထားတာပါ။အဆိုပါ ရွေးကောက်ပွဲဟာ အဓိကအတိုက်အခံပါတီတွေကို ပယ်ထုတ်ထားတာကြောင့် အပေါ်ယံ ဟန်ပြသက်သက်ပဲလို့ အများက ဝေဖန်ထားကြပါတယ်။

 

နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုတွေ လျော့နည်းလာတာဟာ သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ဆင်းရဲဒုက္ခကို ပိုပြီး ဆိုးရွားစေတယ်လို့လည်း အစီရင်ခံစာက သတိပေးထားပါတယ်။မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီး လူပေါင်းထောင်ချီ သေဆုံးကာသန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပြည်တွင်းစစ်ကို မီးမွှေးခဲ့တာ ဖြစ်ပါတယ်။

 

နိုင်ငံရဲ့ နယ်မြေအတော်များများဟာ အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေဟာ ပျက်စီးဆုံးရှုံးမှုနဲ့ဆင်းရဲဒုက္ခတွေကို ဖြစ်စေတဲ့ “အဓိကအကျဆုံး အကြောင်းရင်း” ဖြစ်နေဆဲပဲလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

စစ်တပ်က နယ်မြေစိုးမိုးမှုရဖို့ ဖိအားပေးလုပ်ဆောင်နေတာကြောင့် စစ်ကိုင်းတိုင်းဟာ “အရပ်သားတွေအတွက် အန္တရာယ်အရှိဆုံး ဒေသ” ဖြစ်ခဲ့ပြီး အမျိုးသမီး ၆၀ ဦးနဲ့ကလေး ၃၀ ဦး အပါအဝင် လူပေါင်း ၁၉၁ ဦး သေဆုံးခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

 

အောက်တိုဘာလအတွင်းက တိုက်ခိုက်မှုတခုမှာတော့ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က စာသင်ကျောင်းတကျောင်း ရှေ့မှာ စုဝေးနေတဲ့ အရပ်သားတွေကို လက်နက်ကြီးကျည် ထိမှန်ခဲ့တာကြောင့် ကလေးလေးဦး အပါအဝင် လူ ၂၃ ဦး သေဆုံးခဲ့ပြီး ၆၀ ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။

 

“တိုက်ခိုက်ခံရတဲ့အချိန်မှာ အဲဒီမှာရှိနေတဲ့သူတွေဟာ သီတင်းကျွတ်လပြည့်ပွဲတော်ကိုဆင်နွှဲဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုဖို့၊ စစ်မှုမထမ်းမနေရဥပဒေကို ဆန့်ကျင်ဖို့နဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ငြင်းပယ်ဖို့အတွက် ဆီမီးထွန်းဆုတောင်းပွဲ လုပ်နေကြတာ ဖြစ်တယ်” လို့ အစီရင်ခံစာမှာ ရေးထားပါတယ်။

 

ဒီဇင်ဘာလထဲမှာလည်း စစ်ကိုင်းတိုင်း  ဒီပဲယင်းမြို့နယ်က လက်ဖက်ရည်ဆိုင်တခုမှာလူတွေ ဘောလုံးပွဲကြည့်ဖို့ စုနေတုန်း စစ်တပ်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၁၉ ဦး သေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ရက္ခိုင့်တပ်တော် (AA) ရဲ့ အဓမ္မစစ်သားစုဆောင်းခံရမှု၊ သတ်ဖြတ်ခံရမှု၊ မတရားဖမ်းဆီးခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကိုလည်း အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

 

“မြန်မာပြည်သူတွေဟာ စစ်တပ်လက်အောက်မှာ ဒုက္ခခံနေရတာ မလောက်သေးသလိုမျိုး၊ အခုဆိုရင် နိုင်ငံပြင်ပက လူတွေရဲ့ မေ့လျော့ခြင်းကိုပါ ခံနေရသလို ဖြစ်နေတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်ကာတာ့ခ်က ပြောပါတယ်။

 

“စစ်တပ်ရဲ့ စဉ်ဆက်မပြတ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေနဲ့ ရမ်းသန်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်ရတဲ့ ဒုက္ခတွေကြားထဲမှာ ဒေသအလိုက် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေအတွက် ရန်ပုံငွေဟာ နေရာတော်တော်များများအတွက် တခုတည်းသောအားကိုးရာ ဖြစ်ခဲ့တာပါ။ အခုလို ရန်ပုံငွေတွေ ဆုတ်ခွာသွားတာဟာ ဒဏ်ရာပေါ် ဆားနဲ့ပက်သလို ပိုပြီးတော့ပဲ နာကျင်စေပါတယ်” လို့ သူက ဆိုပါတယ်။

 

စစ်တပ်ဟာ လွန်ခဲ့တဲ့ ငါးနှစ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရဆီကနေ အာဏာကို သိမ်းယူခဲ့ပြီး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထောင်ချခဲ့ပါတယ်။

 

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က တော်လှန်ရေးအဖွဲ့တွေဘက်က နယ်မြေအမြောက်အမြားကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပြန်ပြီး စစ်ရှိန်ကျသွားခဲ့ပါတယ်။ အဓမ္မစစ်သားစုဆောင်းတာနဲ့ ဒရုန်းအင်အား တိုးမြှင့်လိုက်တာတွေကြောင့် စစ်တပ်ဟာနိုင်ငံရဲ့ နေရာတော်တော်များများမှာ ပြန်ပြီး စစ်ဆင်ရေးတွေ လုပ်လာနိုင်ခဲ့ပါတယ်။

 

ဧပြီလထဲမှာတော့ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတ ဖြစ်လာခဲ့ပါတယ်။ လူကြိုက်များတဲ့ ပါတီတော်တော်များများ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရတာ၊ ပြည်တွင်းစစ်ကြောင့် နိုင်ငံရဲ့ နယ်မြေအတော်များများမှာ ရွေးကောက်ပွဲ မလုပ်နိုင်တာတွေကြောင့် ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ ကြိုတင်သတ်မှတ်ပြီးသား ဖြစ်နေခဲ့ပါတယ်။ လွှတ်တော်ထဲမှာလည်း သူ့ရဲ့ သစ္စာခံတွေနဲ့ပဲပြည့်နှက်နေပါတယ်။

 

စစ်တပ်အတွက် အမတ်နေရာ လေးပုံတပုံကို ကြိုတင်အာမခံပေးထားပြီး ကျန်တဲ့အမတ်နေရာတွေထဲက ၈၀ ရာခိုင်နှုန်းနီးပါးကိုလည်း စစ်တပ်ရဲ့ ကိုယ်ပိုင်ပါတီဖြစ်တဲ့USDP က အပိုင်စီးနိုင်အောင် အဘက်ဘက်က မျက်နှာသာပေး ဖန်တီးထားတဲ့ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

 

Ref – BBC